နေပြည်တော် မတ် ၇
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဖေဖေါ်ဝါရီလအတွင်း ကျင်းပခဲ့သည့် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲတွင် မိမိအနေဖြင့် ဝါထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါများစိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိဝါစိုက်ဧက ၅ သိန်း၌ ၁ ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားစေလိုကြောင်း။
ဝါဗိုင်းငင်သည့်စက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မီစွာဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဝါစိုက်ပျိုးမှုများမှ ထွက်ရှိသည့်ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဝါစေ့များကို ဆီကြိတ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ယက္ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းစသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့် အထည်အလိပ်နှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
လက်ရှိဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့် တိုင်းပြည်စီးပွားရေးကို ကောင်းမွန်တိုးတက်အောင် အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ ဝါအထွက်နှုန်းများ တိုးတက်စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများရရှိရေးအတွက် ရေရှည်ကိုကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ဝါများကို သိုလှောင်၍ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် အလုပ်လက်မဲ့ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကအားဖြင့် ဝါအထွက်နှုန်းများ တိုးတက်စေရေး ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း။
ထွက်ရှိလာသည့် ဝါများအား ကုန်ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံသင့်သလောက်ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါအထွက်နှုန်းများ တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များကိုဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဝါစိုက်ပျိုးမှုဧကနှင့် ထွက်ရှိမှု၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါကုန်ကြမ်းအပေါ်မူတည်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဝါကြိတ်စက်ရုံများမှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဝါကြိတ်စက်များ လိုအပ်မှုနှင့် ဝါကြိတ်ခွဲပုံအဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှု၊ ပြည်ပနိုင်ငံများမှအသုံးပြုလျက်ရှိသည့် ဝါကြိတ်စက်များ၏ အလုပ်လုပ်ပုံအဆင့်ဆင့်နှင့် ချည်ချောများထုတ်လုပ်မှုအဆင့်ဆင့်၊ ပြည်ပမှ ချည်ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများ ဝယ်ယူတင်သွင်းရမှုနှင့် ပြည်တွင်းမှထွက်ရှိသည့် ဝါဂွမ်းများကို ပြည်ပသို့နှစ်စဉ်တင်ပို့နေမှု၊ ပြည်တွင်းမှထွက်ရှိသည့် ဝါအမျိုးအစားအလိုက် ချည်မျှင်စက်ရုံများမှ ချည်များရက်လုပ်နိုင်မှု၊ ပြည်တွင်း၌ နိုင်ငံတော်ပိုင်ဘိလပ်မြေစက်ရုံများနှင့် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံများမှ လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အချုပ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ အရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့်ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်ကြောင်း၊ ချည်ချောများ ထုတ်လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များချမှတ်၍ တစ်ဆင့်ချင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သိရှိလိုသည်များ မေးမြန်းကာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်