ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကကျသည့် အင်အားစုကြီးဖြစ်သည့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အမျိုးသမီးများ၏အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မတ်လ ၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပကြသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၅၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ နိုင်ငံ့လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြု ထားသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တွင် အရေးပါသည့် အင်အားစုဖြစ်သကဲ့သို့ နိုင်ငံအတွက် လွန်စွာအဖိုးတန်ပြီး အားကောင်းသည့်လူသားအရင်းအမြစ်များလည်း ဖြစ်ကြသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “Invest in Women: Accelerate Progress” “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဟူ၍ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ပထဝီနိုင်ငံရေး ပဋိပက္ခများမှသည် ဆင်းရဲမွဲတေမှုရေချိန်များ တစ်ရှိန်ထိုး မြင့်တက်လာမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ တစ်စ တစ်စ မြင့်မားလာမှု စသည့် အခက်အခဲ၊ အကျပ်အတည်းများစွာအထိ ရင်ဆိုင်နေရသည်။ အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ လုပ်ပိုင်ခွင့်များရရှိရေးတို့ အပါအဝင် ကျား-မတန်းတူအခွင့်အရေးရရှိရေးကို ဦးတည်သည့်ကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် ပြဿနာများစွာကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ရှိပြီး နိုင်ငံအသီးသီးတွင်လည်း အဓိကအင်အားစုကြီးဖြစ်သည့် အမျိုးသမီးအင်အားစုကြီး၏စွမ်းရည်ကို အသိအမှတ်ပြုကာ ကျား - မ တန်းတူ အတူတကွ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိအောင် ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်သည်။ လုပ်ငန်းနယ်ပယ်အသီးသီးတို့၏ ဦးဆောင်မှုနှင့်ကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်မှုတို့တွင် အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းနှင့် ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ရန်လိုအပ်ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် လူမှုအသိုက်အဝန်းတို့၏ သဘောထားအမြင်များ၊ အပြုအမူများကိုလည်း ပြုပြင်ပြောင်းလဲကျင့်သုံးသွားကြရန်လိုသည်။ မြန်မာနိုင်ငံတွင် “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း” (၂၀၁၃-၂၀၂၂)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၂၀၂၃-၂၀၃၂) မဟာဗျူဟာစီမံကိန်းအသစ် ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင် ပြောင်းလဲတိုးတက်လာသည့် ခေတ်မီနည်းပညာများကိုအခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် ကျား/မတန်းတူညီမျှရေး၊ အမျိုးသမီးများ စွမ်းပကားမြင့်မားစေရေး၊ ကျေးလက်မြို့ပြကွာဟမှုမရှိစေရေးတို့ကို အလေးထားဦးတည်ပြီး ကောင်းမွန်ပြည့်စုံသည့် မဟာဗျူဟာစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။
မြန်မာအမျိုးသမီးများသည် သမိုင်းစဉ်တစ်လျှောက် မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်းပါဝင်ခဲ့သည်ကို မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် တွေ့မြင်နိုင်သည်။ နိုင်ငံတွင် အများစုဖြစ်သော အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံ၌ အင်တိုက်အားတိုက် ပိုမိုပါဝင်လာနိုင်ရေး၊ စွမ်းရည်မြင့်မားသည့်အင်အားစုများအဖြစ် နိုင်ငံနှင့်ပြည်သူကို အလုပ်အကျွေးပြုနိုင်ရေးအတွက် အမျိုးသမီးကဏ္ဍပေါင်းစုံတို့တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်နိုင်ကြရပါမည့်အကြောင်း။ ။