နေပြည်တော် မတ် ၄
မဲခေါင် - လန်ချန်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း(၂၀၂၁) အရ တိရစ္ဆာန် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့်ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့်အာနိသင်အား စမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ် ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်း အဆောက်အအုံရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတာဝန်ရှိသူများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းပညာရှင်များ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာဒုတိယဝန်ကြီးက မွေးမြူထုတ်လုပ်မှုလုပ်ငန်းများစနစ်တကျ ဖွံ့ဖြိုးလာခြင်းဖြင့် ပြည်တွင်းအသားစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်နှင့်ပို့ကုန် ကဏ္ဍမြှင့်တင်ရန်အပြင် မွေးမြူသူများနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် မွေးမြူရေးဆိုင်ရာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ လက်တွေ့အသုံးချ မွေးမြူရေးနည်းပညာ ပြန့်ပွားရေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ခြင်းကို သုတေသီများ၊ ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဒုတိယ
ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ ကမ္ပည်း မော်ကွန်းကိုစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဆေးစမ်းတိရစ္ဆာန်များမွေးမြူထားရှိမှု၊ ကာကွယ်ဆေးများ စမ်းသပ်နေမှုအခြေအနေများကို ဧည့်သည်တော်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
