Skip to main content

အခြေခံသီးနှံများတိုးတက်ထုတ်လုပ်ကြိုးပမ်း

လောကတွင် “အူမတောင့်မှ သီလစောင့်နိုင် ဆိုသကဲ့သို့ သမုဒ္ဒရာဝမ်းတစ်ထွာဝလျှင် ကောင်းကျိုးအဖြာဖြာတို့ကို ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြေခံပြည်သူအများစု အူမတောင့်ရန်အတွက် အခြေခံစားသုံး ကုန်သီးနှံဖြစ်သော ဆန်နှင့် ဆီ လောက်ငဖူလုံရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဆန်ဖူလုံရေး၊ ဆီဖူလုံရေး၊ ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးနှင့် ဆီထွက်သီးနှံတို့ကို ကောင်းမွန်ပြည့်စုံအောင် စိုက်ပျိုးနိုင်သည်။ ဆန်ကို ပြည်တွင်း၌ ဖူလုံလောက်ငသည့်အပြင် ပိုလျှံသည်တို့ကို ပြည်ပသို့ပင် တင်ပို့ရောင်းချလျက်ရှိသည်။ ဆီထွက်သီးနှံကိုမူ ရည်မှန်းသည့်အတိုင်း စိုက်ပျိုးနိုင်ကြသော်လည်း ပြည်တွင်းစားသုံးမှု၌ လောက်ငဖူလုံခြင်းမရှိသဖြင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရသည်။ စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရထိခိုက်မှုများရှိနေသည်။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အပိုကုန်ကျမှုများရှိနေသည်။

စားသုံးဆီကို လိုသလောက် သင့်တင့်မျှတစွာသုံးစွဲခြင်းဖြင့် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်သည့်အပြင် အပိုကုန်ကျငွေလျော့နည်းသွားသဖြင့် လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူပြုနိုင်သည်။ စားသုံးဆီကို ပြည်တွင်းထုတ်ဖြစ်စေ၊ ပြည်ပထုတ်ဖြစ်စေသုံးစွဲကြသဖြင့် ဆီဖူလုံလောက်ငရေးသည် အဓိကဖြစ်သည်။ ပြည်တွင်းမှထုတ်လုပ်သည့် စားသုံးဆီလုံလောက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံအမျိုးမျိုး တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံများ ဧကပြည့်မီအောင်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လတ်တလောတွင် ပြည်သူများအတွက် အဓိကသီးနှံ၊ အခြေခံသီးနှံဖြစ်သော ဆန်နှင့်ဆီ ဈေးနှုန်းများတည်ငြိမ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းများ မြင့်မားလာသဖြင့် အခြေခံပြည်သူများအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ ဝင်ငွေနည်းပါးသော ပြည်သူများအတွက် အကျပ်အတည်းများ ဖြစ်ပေါ်လာသည်။ စက်သုံးဆီဈေးနှုန်းမြင့်မားလာခြင်းသည် ကုန်စည်ဈေးနှုန်းနှင့် တိုက်ရိုက်အချိုးကျသဖြင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ဆန်နှင့်ပတ်သက်၍လည်း အလားတူဖြစ်ပြီး ပြည်ပသို့ဆန်တင်ပို့မှုမှ ဈေးနှုန်းမြင့်မားမှုရှိလာနိုင်သဖြင့် ပြည်ပဆန်တင်ပို့မှုကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ဆန်ဈေးနှုန်း၊ ဆီဈေးနှုန်းများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလမှစတင်၍ တစ်စတစ်စဈေးနှုန်းမြင့်မားလာသည်ကိုတွေ့ရသည်။ စားသုံးဆီကို ပြည်ပမှတင်သွင်းလျက်ရှိရာ၌ အဓိကထုတ်လုပ်သော မလေးရှား၊ အင်ဒိုနီးရှား၊ ယူကရိန်းနိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေးဂယက်ရိုက်ခတ်မှု အခြေအနေများကြောင့် ဆီဈေးနှုန်းသည် ယခင်ကထက် ပိုမိုမြင့်မားလာသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေအပို ကုန်ကျမှုလျော့ကျစေရန်နှင့် ပြည်တွင်း၌ ဆီထွက်သီးနှံပင်များ ပိုမိုစိုက်ပျိုးလာစေရန်ရည်ရွယ်ပြီး ပြည်ပမှစားသုံးဆီတင်သွင်းမှုကို ပြည်တွင်း၌ လောက်ငရေးကိုချင့်ချိန်ပြီး ကန့်သတ်တင်သွင်းစေခဲ့သည်။ တစ်ဖက်တွင် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံခြားငွေကို သတ်မှတ်ရည်ညွှန်းဈေးနှုန်း ရောင်းချပေးခဲ့သည်။

ပြည်သူများအတွက် အရေးကြီးကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ဆီကို နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးလျက်ရှိသော်လည်း အချို့သောဈေးကစားသည့်လုပ်ငန်းရှင်များနှင့် သိုလှောင်သူများကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံတစ်ဝန်း မြို့နယ်အလိုက် ရည်ညွှန်းဈေးနှုန်းများအတိုင်း အဆက်မပြတ်ရောင်းချပေးလျက်ရှိရာ စားအုန်းဆီဈေးနှုန်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်သူတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

သို့ဖြစ်ရာ ပြည်သူများဝမ်းရေးအတွက် အဓိကကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်ဆီ လောက်ငဖူလုံပိုလျှံရေး၊ ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရေး၊ အဆင်ပြေလွယ်ကူစွာ ဖြန့်ဖြူးရောင်းချပေးရေးတို့ကို နိုင်ငံတော်၏ ပံ့ပိုးဆောင်ရွက်ပေးမှုများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။