နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု များ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း စသည်ဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း သတင်းထုတ်ပြန်ထားသည်။
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးနေရသည့် မိမိတို့နိုင်ငံအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ရာ ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားကြရန် လိုအပ်သည်။ အယ်နီညိုဖြစ်ပေါ်သည့်နှစ်များတွင် နွေကာလရှည်လျားခြင်း၊ အပူချိန်မြင့်မားခြင်း၊ အနောက်တောင်မုတ်သုံလေအဝင်နောက်ကျခြင်း၊ မုတ်သုံလေအားနည်းခြင်း၊ မိုးခေါင်ရေရှားပြဿနာ ထင်ထင်ရှားရှားဖြစ်ပေါ်ခြင်း၊ ဘင်္ဂလားပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်မှုလျော့နည်းခြင်းစသည်ဖြင့် ပြဿနာများဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။ အယ်နီညိုအားပြင်းမှု၊ ပျော့မှုအပေါ်လိုက်၍ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် အယ်နီညိုအားအသင့်အတင့်အခြေအနေတွင် အပူချိန်ဆိုးရွားပြင်းထန်မှု မဖြစ်နိုင်ဟုမျှော်လင့်ရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်နွေစပါးစိုက်ဧက နှစ်သန်းကျော် စိုက်ပျိုးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးရေပေးဝေနိုင်မှုအပေါ်အခြေခံ၍ အများဆုံးစိုက်ပျိုးကြသည်။ နွေစပါးသည် သက်တမ်းတိုမျိုးများဖြစ်ပြီး တစ်ဧကစပါးအထွက်နှုန်းတွင် မိုးစပါးထက်ပိုမိုသော်လည်း ဆည်ရေပေးဝေနိုင်မှုအပေါ်တွင် မှီခိုနေရကြောင်း၊ တစ်ခါတစ်ရံတွင် ရိတ်သိမ်းခါနီးအချိန် ဆည်ရေခန်းခြောက်မှုကြောင့် စပါးမအောင်သည့်အခြေအနေများ ဖြစ်ပေါ်ကြောင်းသိရှိရသည်။ နွေသီးနှံစိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိဆည်၊ တမံများမှ သိုလှောင်ရေများအပြင် အခြားရေရရှိနိုင်သည့် နေရာများ၌ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ လုပ်ငန်းပေါင်း ၃၁၇ ခုကိုဆောင်ရွက်၍ နွေသီးနှံစိုက်ပျိုးဧရိယာ ၁၄၀၂၇၂ ဧက စိုက်ပျိုးရေပေးဝေနိုင်အောင် စီမံဆောင်ရွက်နေကြောင်းနှင့် ၂၀၂၃-၂၀၂၄ နွေစပါးရာသီတွင် နွေစပါးနှင့် အခြားသီးနှံစုစုပေါင်း ဧက ၃၈ ဒသမ ၄၇ သိန်းအထိ စိုက်ပျိုးရေတိုးတက်ပေးဝေလျက်ရှိကြောင်းဖြင့်လည်း သိရသည်။
ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများအရ ရေကိုအကျိုးရှိရှိနှင့် ထိရောက်စွာသုံးစွဲကြရန် လိုအပ်နေပြီဖြစ်ရာ ရေလိုအပ်ချက်နည်းသည့် သက်တမ်းတိုသီးနှံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်း၊ သီးနှံပုံစံများ ပြောင်းလဲခြင်းတို့ ပြုလုပ်ရန်၊ စိုက်ပျိုးရေကိုလည်း သီးနှံ၏အနည်းဆုံး ရေလိုအပ်ချက်ပမာဏဖြင့် ထိထိရောက်ရောက်သုံးစွဲရန်၊ ရေလေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လျှော့ချရန်၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်းကိရိယာများ အသုံးပြုစိုက်ပျိုးရန် အသိပညာပေးလျက်ရှိသည်။ အားအသင့်အတင့်ရှိသော အယ်နီညိုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ်တွင်လည်း ဖြစ်ပေါ်ခဲ့ရာ ထိုစဉ်က မြန်မာနိုင်ငံတွင်စံချိန်တင်သည့် အပူချိန်အဖြစ် မြင်းမူမြို့တွင် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်အထိ ဖြစ်ပေါ်ခဲ့သလို အင်းလေးကန်တွင် ရေခန်းခြောက်မှုဖြစ်ပေါ်ခဲ့သည်။ အပူပိုင်းဒေသများတွင်သာမက မြေလတ်ဒေသများမှာပါ ရေရှားပါးပြတ်လပ်မှုတို့ ဖြစ်ပေါ်ခဲ့သည်။
သို့ဖြစ်ရာ အယ်နီညို၏သက်ရောက်မှုနှင့် နေ့စဉ်နှင့်အမျှ တဖြည်းဖြည်းမြင့်တက်နေသည့် နေ့အပူချိန်ကြောင့် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်တွက်ဆကာ ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းခြင်း၊ ရေကိုလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ ထိရောက်စွာသုံးစွဲခြင်း၊ လေလွင့်မှုဖြစ်ပေါ်နေသည့် ရေရယူအသုံးပြုသည့် စနစ်များကို ပြုပြင်ဆောင်ရွက်ခြင်းတို့ဖြင့် စိုက်ပျိုးရေးအတွက် မရှိမဖြစ်အရင်းအမြစ်ရေကို ရယူသုံးစွဲသူ တောင်သူအပေါင်းက တန်ဖိုးထားအသုံးချကြရပါမည့်အကြောင်း။ ။