နေပြည်တော် မတ် ၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် နေပြည်တော်ရှိ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အမှုထမ်းများနေထိုင်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ အမှုထမ်းအိမ်ရာများနှင့် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်၊ အပျိုဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပိတောက်အိမ်ရာရှိ အမှုထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာများတွင် နေထိုင်သည့် အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အိမ်ရာစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ စည်းမျဉ်းစည်းကမ်းများနှင့် အကျုံးမဝင်သူများ၊ မကိုက်ညီသူများနှင့် နေထိုင်ခွင့်မရှိသူများကို မိသားစုအခက်အခဲ များကြောင့် လာရောက်တည်းခို နေထိုင်လိုပါက တိုက်တာဝန်ခံများထံ သတင်းပို့တင်ပြပြီး ခွင့်ပြုချက်တောင်းခံသွားရန်၊ အိမ်ရာများတွင် အသိပေးကြော်ငြာများ ကပ်နိုင်ရေးအတွက် ကြော်ငြာသင်ပုန်းများ ထားရှိတပ်ဆင်နိုင်ရေးဆောင်ရွက်သွားရန်၊ ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး မိမိတို့နေထိုင်သည့် အိမ်ရာများ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းသွားရန်၊ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် သန့်ရှင်းရေးပုံမှန်ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ကြရန်၊ မီးဘေးအန္တရာယ်မဖြစ်စေရေး သတိပြုရှောင်ကြဉ်ရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်