Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု

နေပြည်တော် မတ် ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည် တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့် ရှုစစ်ဆေးပြီးစပါးအပါအဝင် သီးနှံအထွက်နှုန်းများတိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်အတွင်းရှိ ဦးတင်ထွန်းအောင်၏ မွေးမြူရေးခြံတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံ ကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထား ရှိမှု၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တောင်သူဦးတင်ထွန်းအောင်၏ နွေစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် စိုက်ဧက ၁၈ ဧကတွင် စူပါနှံကောက်စပါးမျိုး စိုက်ပျိုးထားရှိမှုနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာသုံးအချိုးတစ် ရောစပ်ကြဲပက်မှု၊ မွေးမြူရေးခြံအတွင်း နွားများမွေးမြူထားရှိမှုများနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ခြင်းတို့ကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ၊ ဒယောက်ကူးကျေးရွာရှိ တောင်သူဦးရန်နိုင်စိုး၏ ဆောင်းရာသီ သီးနှံစုံစိုက်စနစ် စိုက်ခင်း ၁၃ ဧကတွင် ခရမ်းချဉ်၊ ခရမ်း၊ ပဲကြီးနှင့် နေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်