နေပြည်တော် မတ် ၂
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဌာနတွင်းရှိ ဝန်ထမ်းများ၏ အခက်အခဲပြဿနာများကို တတ်နိုင်သမျှ သိရှိဖြေရှင်းပေးရေး ကြိုးစားဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိကြရန်၊ အစိုးရလျှို့ဝှက်စာများ မပေါက်ကြားစေရေး၊ ထက်အောက်ရင်းနှီးချစ်ခင်စွာ ဆက်ဆံရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
လိုက်နာဆောင်ရွက်
ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၉၀) ကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိရာ မကြာမီညွှန်ကြားချက် ထုတ်ပြန်ဖြန့်ဝေမည်ဖြစ်ပြီး ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ညွှန်ကြားချက်အသစ်နှင့် အညီ လိုက်နာဆောင်ရွက်ကြရန်မှာ ကြားလိုပါကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနမှ အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိ သော MLIS ကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ရာ မေလပိုင်းတွင် ငါးနှစ်တာကာလ ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ MLIS တွင် တိုင်းဒေသကြီး၊ ပြည်နယ်များက ပြဋ္ဌာန်းသော ဥပဒေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများက ဥပဒေများ ပေးပို့ကြရန် လိုအပ်ပါကြောင်း။
ကျင့်ဝတ်စောင့်ထိန်း
ဥပဒေရေးရာ ဝန်ကြီးဌာန မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စီမံကိန်းကာလနောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခုမဟာဗျူဟာ စီမံကိန်းပြီးစီးပါက မဟာဗျူဟာ စီမံကိန်းအသစ်ကိုလည်း ငါးနှစ်စီမံကိန်းဖြင့် ၂၀၂၅ မှ ၂၀၂၉ ခုနှစ်အထိ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီးအများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြရန် အထူးအရေးကြီးပါကြောင်း။
ရေးဆွဲဆောင်ရွက်
ဥပဒေရေးရာဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ CPU ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်း (SOP) ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ CPU အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Terms Of Reference-TOR) ကို ထုတ်ပြန်နိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဥပဒေရေးရာကိစ္စရပ်များ၊ ဥပဒေသတင်းအချက်အလက်များကို ဥပဒေပညာစိတ်ပါဝင်စားသူများမှ အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ အပတ်စဉ် သတင်းလွှာ (Weekly news)ကို သောကြာနေ့တိုင်းထုတ်ဝေလျက်ရှိပြီး ဝန်ကြီးဌာန website တွင်လည်း အများပြည်သူဖတ်ရှုနိုင်ရန် လွှင့်တင်ထားပါကြောင်း။
မူဝါဒများ အလေးထား
တိုင်းဒေသကြီး / ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ဥပဒေ (မူကြမ်း) များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို တိကျစွာ ဂရုပြုလိုက်နာဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေရုံးချုပ်များကို အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဥပဒေရေးရာ ဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများအနေဖြင့်လည်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် စေလိုပါကြောင်း မှာကြားခဲ့သည်။
သတင်းစဉ်
