နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ် ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရ စက်မှုလက်မှု သိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်များအနေဖြင့် မိမိတို့၏ဘဝရည်မှန်းချက်အကောင် အထည်ဖော်ရာတွင် အတတ်ပညာတတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစား ကြရမည်ဖြစ်၍ IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်းပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန မသန်စွမ်း လူငယ်ရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပြီး စာရေးဆရာ ရဲမွန်ကျော်က “ဗလငါးတန်ပြည့်စုံ ဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့်ဟောပြောသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ဟောပြောကြသူများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ နေပြည်တော်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ တာဝန်ခံနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)ကျောင်းအုပ် ကြီးထံ အားကစားပစ္စည်းများကိုလည်းကောင်းပေးအပ်ကြသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြားကပ်လှူပူ ဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
အစည်းအဝေးတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူပူဇော်ရေး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးကဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ကပ်လှူပူဇော် ခြင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး၏ ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့်ဆပ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌကလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်