Skip to main content

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ် မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ နှီးနွှယ်ဝန်ကြီး ဌာနများမှ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီ ဗဟိုကောင်စီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပိုမိုအားကောင်းပြီး အရေးကြီးသည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချမှတ်နိုင်ရန် ယခုညီလာခံသက်တမ်းတွင် တာဝန်ယူဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်တကွ အလုပ်အမှုဆောင်များ၊ ကောင်စီဝင်များအားလုံးအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်မည့် ကြက်ခြေနီလုပ်ငန်း များအတွက် အားသာချက်၊ အားနည်းချက်များကို ယခုအစည်း အဝေးတွင် စနစ်တကျ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ကအတည်ပြုပြဋ္ဌာန်းပေး ထားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေပါ လူသားချင်း စာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားဖြစ်သည်ဟုပြဋ္ဌာန်း ထားသည့်အတိုင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အချိန်ကာလများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့သော ဘေးအန္တရာယ် များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရာတွင် ကြက်ခြေနီ စေတနာ လုပ်အားရှင်များက ဒေသအလိုက်ပါဝင် ကူညီလှုပ်ရှား ဆောင်ရွက်ပေးနေကြသည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် ဆက်လက်ကူညီနိုင်ရန်အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင် အင်အားပိုမိုတိုးပွားရန် လိုအပ်သကဲ့သို့ လူငယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ တိုးပွားပါဝင်လာရန်လည်း အလွန်လိုအပ်ကြောင်း၊ လူငယ်များကို အခြေခံဖွဲ့စည်းထားသည့်အသင်း ဖြစ်သည်နှင့်အညီ လူငယ်အားကိုယူရမည်ဖြစ်သည့်အတွက် နှီးနွှယ်ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားရန်မှာကြားလိုကြောင်း၊ ထို့ပြင်မြို့နယ်ကြက်ခြေနီ အသင်းခွဲများသည်လည်း အခြေခံပညာကျောင်းများတွင် အသင်း၏နည်းဥပဒေပါ ကျောင်းကြက်ခြေနီအသင်းခွဲ ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းနိုင်ရေးအတွက်သက်ဆိုင်ရာ အခြေခံပညာကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်းသိရှိရပြီး လူငယ်ရေးရာ ဦးစီးဌာနကပြုလုပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတကာ ဆွေးနွေးပွဲများတွင် လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်တက်ရောက် ဆွေးနွေးခွင့် ရခြင်းသည်လည်း လူငယ်များအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကြက်ခြေနီစေတနာလုပ်အားရှင် အင်အားတိုးပွား အောင် စည်းရုံးသွားရန် လိုအပ်ကြောင်း၊ စည်းရုံးသည့်အခါတွင်လည်း စေတနာလုပ်အားရှင် (Volunteer) စိတ်ဓာတ်ကို အခြေခံသည့် အသင်းသူအသင်းသားများကို ရွေးချယ်သွားရန် အရေးကြီးကြောင်း။

ယနေ့ခေတ် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများလည်း ကြီးမားသည့်အတွက် အသင်းအဆင့်ဆင့်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး အသိပညာ ဗဟုသုတတိုးပွားရေးအပိုင်းများကို ပိုမိုဆောင်ရွက်ရန်လိုအပ်သဖြင့် ဗဟိုကောင်စီဝင်များ အနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ လူမှုကရုဏာလုပ်ငန်းဆိုသည် အပြောလွယ်သလောက် လုပ်ဆောင်မှု အပိုင်းတွင် အလွန်လေးနက်ကျယ်ပြန့်ပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် NGO ၊ INGO မဟုတ်သော နိုင်ငံအတွင်း သက်တမ်းအရှည်ဆုံး လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအဖွဲ့အစည်း (Humanitarian Organization) ဖြစ်သည်နှင့်အညီ အများအကျိုးအတွက် အစီအစဉ်ကောင်းများ ချမှတ်ကာ စည်းစနစ်ကျကျ ထိရောက်စွာ ကူညီဆောင်ရွက်ပေးကြ ရန်လိုကြောင်း၊ သို့မှသာ အသင်း၏ ပုံရိပ်လည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း။

နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှု

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်မိမိတို့က ဦးဆောင်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မူလအခြေခံကြက်ခြေနီ စိတ်ဓာတ်များလျော့ပါး သွားမည်ဖြစ် ကြောင်း၊ ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှု၍ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူကာ အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြေနီ အသင်းကြီးသည်နိုင်ငံတော်၏အရေး (နိုင်ငံ့အရေး) ကိုဆောင်ရွက်နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း (Humanitarian Organization) ဖြစ်သည့်အပြင် အသင်းကအကောင်အထည်ဖော်ဆောင်ရွက်နေသည့်၂၀၂၁-၂၀၂၅ မဟာ ဗျူဟာကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲ အကောင်အထည် ဖော်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ဗဟိုကောင်စီဝင်ကြီးများ၏ အတွေ့အကြုံများ၊ အသိအမြင်များကို တွန်းအားအဖြစ် အသုံးပြုပြီး အသင်းသူ အသင်းသား၊ ကြက်ခြေနီစေတနာ လုပ်အားရှင် လူငယ်များ၏ ခွန်အားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်အောင် ပုံဖော်ကြိုးပမ်းအားထုတ်ပေး ကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏ လူမှု ကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၈၆)ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအား ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိ ခရိုင်မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များက “အများအတွက်ကြက်ခြေနီ”သီချင်းကို စုပေါင်းသီဆိုကာ ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယို ကိုပြသပြီး ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နှီးနွှယ်ဝန်ကြီးဌာနတစ်ခုဖြစ်သော ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများနှင့်ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနကအသိအမှတ်ပြု ထားသည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို အခြေခံပညာကျောင်းများရှိ ကျောင်းသူ ကျောင်းသား လူငယ် ၁၁၂၆၃ ဦးအတွက် ရှေးဦးပြုစုခြင်း အတတ်ပညာများကို သင်ကြားပေး လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်၊ ကောလိပ်များတွင် တက္ကသိုလ်၊ ကောလိပ် ကြက်ခြေနီအသင်းခွဲ ၇၉ သင်း ဖွဲ့စည်းထားရှိကာ အသင်းဝင်အင်အား စုစုပေါင်း ၁၁၂၂၃ ဦးရှိကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟို ကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 သတင်းစဉ်