Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်သန်၍ တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ် ဆေးထိုးနှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် အထူးကုဆရာဝန်ကြီးများ တက်ရောက်ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံရာ နေပြည်တော်ပြည်သူ့ ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူးက သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဆေးရုံအုပ်ကြီးက ဆေးရုံသမိုင်းနှင့် ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအလှူရှင် ဦးမျိုးအောင်က ကာကွယ်ဆေးလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆေးပဒေသာပင်အလှူငွေကျပ် ၁၀ သိန်းပေးအပ်

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) အတွက် ဆေးပဒေသာ ပင်အလှူငွေကျပ် ၁၀ သိန်းကိုပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ကာကွယ်ဆေးသုံးကြိမ်ပြည့် အခမဲ့ထိုးနှံပေး

ယနေ့တွင် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)ဆေးရုံ၊ တပ်ကုန်းမြို့နယ် မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောကျောင်းတိုက်၊ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံနှင့် လယ်ဝေးမြို့နယ် ခုတင်(၁၀၀) ဆေးရုံကြီးတို့တွင် တတိယအကြိမ်အဖြစ် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးသုံးကြိမ်ပြည့် အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် Ever Meter Co.,Ltd မှ နိုင်ငံအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအတွက် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်