နေပြည်တော် ဖေဖော်ဝါရီ ၂၆
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည် ဖော်ခွင့်ရရှိခဲ့သော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်ရေးစနစ်တစ်ခုဖြစ်ပြီး ဒေသတွင်း ကုန်သွယ်မှုအခွင့်အလမ်းသစ်များကို ဖန်တီး၍ စီးပွားရေးပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် RCEP သဘောတူစာချုပ်ကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့်မားလာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းတို့ကို နားလည်ခြင်းအားဖြင့် အကောက်ခွန်သက်သာခွင့် အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိခဲ့သည့် ဗဟုသုတများနှင့် အတွေ့အကြုံများကို အသုံးပြု၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစိုးရအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ်အား အရည်အသွေးမြင့်မားစွာဖြင့် အကောင်အထည်ဖော်နိုင်ရန် အစဉ်အမြဲ မြှင့်တင်ပေးလျက်ရှိကြောင်း၊ စျေးကွက်ဖွင့်လှစ်မှု ကတိကဝတ်များအပါအဝင် အကောက်ခွန်လျှော့ချရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ RCEP အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုသည် သဘောတူစာချုပ် အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၃ ခုနှစ်တွင် ယွမ် ၁၂ ဒသမ ၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၆ ဒသမ ၄၁ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန် ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို ယနေ့အထိ လက်ခံရရှိထားပြီးဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ ကုန်စည်ကုန်သွယ်ရေးအခန်း၊ ပင်ရင်းနိုင်ငံ စည်းမျဉ်း၊ အကောက်ခွန်သွေဖည်မှုများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး စသည်တို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး RCEP သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကိုလည်း မျှဝေသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၄၀ ၊ တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦး၊ ကမ္ဘောဒီးယား နိုင်ငံမှ ကိုယ်စားလှယ် ၁၀ ဦး၊ လာအိုနိုင်ငံမှ ကိုယ်စား လှယ် ၁၀ ဦး၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် ကိုးဦး၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ် ငါးဦး စုစုပေါင်း ၇၅ ဦးတက်ရောက်ကြပြီး ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ နေပြည်တော်၌ လူကိုယ်တိုင် တက်ရောက်သည့် အစီအစဉ်ဖြင့် ကျင်းပခြင်း ဖြစ်သည်။
RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်တစ်ခုဖြစ်သည်။ RCEP သဘောတူစာချုပ်တွင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ မူပိုင်ခွင့်၊ အစိုးရဝယ်ယူမှု၊ ယှဉ်ပြိုင်မှု၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းအသစ်များ ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်