နေပြည်တော် ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့်(၂)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တရားမဝင် တင်ပို့၊ တင်သွင်းခြင်းများမရှိစေရေး
ထို့သို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်ကြေညာလွှာ (Export Declaration- ED) နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များ မှန်ကန်မှုရှိစေရေး ဌာနဆိုင်ရာ One-Stop-Service (OSS)အဖွဲ့များက စနစ်တကျစိစစ်စစ်ဆေးရန်၊ သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံးလုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ်ပေးဆောင်ခြင်းများ ဆောင်ရွက်ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင် တင်ပို့၊ တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကို စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့်ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်တို့ကို မှာကြားကာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျိုင်းလပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်၌ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ) - ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကိုအသုံးပြု၍ မြန်မာ - လာအိုနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ဆင့်ခံ ဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက် ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်ဒေသရှိ တိုင်းရင်းသားပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်