နေပြည်တော် ဖေဖော်ဝါရီ ၂၀
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster– 1 တိုက်အမှတ် (၆) ရှိ တရားလွှတ်တော် ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။
ဆွေးနွေးညှိနှိုင်းဆုံးဖြတ်
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၅၂၇ ဦးကို တရားလွှတ်တော် ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ၊ မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၁၅ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့်အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် ပြန်လည်လိုက်ပါခွင့်ပြုရန် အသနားခံတင်ပြလျှောက်ထားသည့်ကိစ္စ၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင်တစ်ဦးကို IP အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး ဆောက်လုပ်ရန် ချထားမြေနေရာကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ (မန္တလေး) ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ကြသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာ သီတာဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေများဖြစ်ကြသည့် ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ဦးဝင်းအောင်နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီ အတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီသီမြင့်တို့ စုံညီစွာတက်ရောက်ကြသည်။
သတင်းစဉ်