Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာအပါအဝင် ကျေးရွာ ၄၃ ရွာ၌ ICT စင်တာများ ထူထောင်၍ ဒစ်ဂျစ်တယ်နည်းပညာ ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ICT စင်တာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ICT စင်တာ၌ ကွန်ပျူတာ၊ TV ၊ အင်တာနက် Wifi များ တပ်ဆင်ပေးခြင်း၊ အများပြည်သူသုံး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး application များ ထည့်သွင်းချိတ်ဆက်ပေးခြင်း၊ အသိပညာပေး Website များနှင့်ချိတ်ဆက်ခြင်း၊ အမျိုးသားစာကြည့်တိုက်နှင့် ချိတ်ဆက်ထားရှိခြင်း၊ e.commerce platform နှင့် ချိတ်ဆက်ထားရှိခြင်းများ ဆောင်ရွက်ပေးထားကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ICT စင်တာ၌အင်တာနက် အခမဲ့ရယူသုံးစွဲနိုင်ပြီး ဈေးကွက်သတင်းများနှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးဆိုင်ရာ နည်းပညာအချက်အလက်များ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ လူမှုရေးနှင့် စီးပွားရေးဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဝက်မွေးမြူရေးအစုအဖွဲ့များ ဈေးကောင်းရရှိရေး၊ ဈေးကွက်ရရှိရေးအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးပြီး ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း၊ ကျေးလက်သောက်သုံးရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာမျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ ရေဆင်းစပ်မျိုး-၂၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် နေကြာမျိုးများ စမ်းသပ်စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာန ကိုယ်စားပြုအသင်းများ၏ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့်ဦးစီးဌာနအသင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်