Skip to main content

ရိုးရာအစားအစာများနှင့် အမှတ်တရပစ္စည်းများ အထူးရောင်းချခဲ့ရ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

နေပြည်တော်တွင် ငါးရက်တာကျင်းပခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME ထုတ်ကုန်အရောင်းပြခန်း ၃၄ ခန်း၊ ရိုးရာ အစားအစာပြခန်း ၁၉ ခန်း ပါဝင်ခင်းကျင်းပြသရောင်းချခဲ့ပြီး ထိုသို့ရောင်းချခဲ့ရာတွင် ရိုးရာအစားအစာများနှင့် အမှတ်တရပစ္စည်းများ အထူးရောင်းချခဲ့ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာအစားအစာ ပြခန်းများမှ သိရသည်။ ထိုသို့ရောင်းချခဲ့ရမှု နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြအပ်ပါသည်။

ဦးခင်မောင်လွင် (တာဝန်ခံ၊ ကရင်ပြည်နယ် ရိုးရာအစားအစာပြခန်း)

ကရင်ခရုတာလပေါဟင်းက လူကြိုက်အများဆုံးပဲ။ အစောကြီးရောင်းကုန်တယ်။ ကရင်ရိုးရာခေါင်ရည်လည်း ရောင်းရပါတယ်။ ကျွန်တော်တို့ ကရင်ရိုးရာ အစားအစာပြခန်းမှာ ကရင်တာလပေါဟင်း၊ ဝက်မျှစ်ချဉ်ပိန်းဥ၊ ခဲတံကျည်တောက်၊ ကရင်ရိုးရာ ခေါင်ရည်စတဲ့ ကရင်ရိုးရာအစားအစာတွေ ရောင်းကောင်းခဲ့ပါတယ်။

ဦးမျိုးသိုက်ထွန်း (တာဝန်ခံ၊ ချင်းပြည်နယ် ရိုးရာအစားအစာပြခန်း)

ဆာဘူးသီးနဲ့ နွားနောက်သားကြော်၊ အသုပ်တွေကို စိတ်ဝင်တစားနဲ့ လာစားကြတာများတယ်။ ချင်းပြည်နယ်ကထွက်တဲ့ ဆပ်နီခေါင်ရည်လည်း ဝယ်ယူကြတယ်။ နောက်နှစ်တွေလည်း ပိုကောင်းအောင်လုပ်သွားမယ်။ ရိုးရာအစားအစာတွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို အချင်းချင်းသိနားလည်စေတာဟာ စကားတွေအများကြီး ပြောနေတာထက် ကျွန်တော်တို့ တိုင်းရင်းသားတွေကို ပိုမိုရင်းနှီးစေတယ်။ နွေးထွေးစေတယ်လို့ ခံစားရပါတယ်။ အခုပြပွဲမှာ ကိုယ့်ရိုးရာအစားအစာကို နှစ်နှစ်သက်သက် ဝယ်ယူစားကြတော့ ဝမ်းသာတယ်။

ဒေါ်မြင့်မြတ်သီတာ (တာဝန်ခံ၊ မွန်ရိုးရာအစားအစာပြခန်း)

ကျွန်မတို့ မွန်ရိုးရာအစားအစာတွေထဲမှာ သင်္ကြန်ထမင်းကို စိတ်ဝင်တစားနဲ့ လာစားကြတာများတယ်။ ကျွဲကောသီးလည်း ဝယ်ယူတဲ့သူများတယ်။ လာရောက်လေ့လာလည်ပတ်တဲ့သူတွေက တိုင်းရင်းသားရိုးရာအစားအစာ စစ်စစ်ကို စားကြည့်ချင်တယ်။ ဘယ်လို အစားအစာကို စားကြည့်ရမလဲဆိုတာ မေးကြတာလည်း ရှိပါတယ်။ ဒီလိုစိတ်ဝင်တစားနဲ့ မြည်းစမ်းပေးတဲ့အတွက် ပျော်ရတယ်။ နောက်နှစ်တွေလည်း မွန်ရိုးရာအစားအစာတွေ ဒီထက်ပိုကောင်း၊ ပိုပြည့်စုံအောင် ကြိုးစားလုပ်သွားမယ်။

ဦးဇေယျာမင်း (Light House အမှတ် တံဆိပ်ကော်ဖီလုပ်ငန်းရှင်၊ ပဲခူးတိုင်းဒေသကြီး ရိုးရာအစားအစာပြခန်း)

ကော်ဖီစေ့ကို အခုလတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ထုပ်ပိုးရောင်းချပြတာကို စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး ရိုးရာအစားအစာပြခန်းကို လာရောက်လည်ပတ်ရင်း ကော်ဖီအရသာကို မြည်းစမ်းလို့ရပါတယ်။ မြည်းစမ်းပြီးတဲ့ သူတွေကလည်း ကော်ဖီရဲ့ အနံ့အရသာကို နှစ်သက်လို့ ဝယ်ယူကြတယ်။ ဒီနေ့ဝယ်ပြီး နောက်နေ့ ထပ်လာဝယ်တာလည်း ရှိပါတယ်။ အခု MSME ပြပွဲမှာ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးက ကော်ဖီထုတ်ကုန်တွေလည်း ပါဝင်ပြသသလို တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က ကော်ဖီထုတ်ကုန်တွေကိုလည်း တွေ့ရပါတယ်။ ဝယ်သူနဲ့ ရောင်းတဲ့သူ တိုက်ရိုက် ထိတွေ့ခွင့်ရတဲ့ ပြပွဲတွေမို့ ကျွန်တော်တို့ လို MSME လုပ်ငန်းရှင်တွေကို အများကြီး အထောက်အကူပြုပါတယ်။

ဦးမြင့်ဝင်း (Manufacturing Director ၊ Super Seven Stars Industrial Development ကုမ္ပဏီ)

အစားအသောက်နဲ့ လူသုံးကုန်ဆိုတာ လူတွေနေ့စဉ် အသုံးပြုနေရတာ ဖြစ်တဲ့အတွက် ပြပွဲမှာဒီစက်တွေနဲ့ ပတ်သက်ပြီး လာရောက်မေးမြန်းကြပါတယ်။ လာမေးတဲ့ အများစုကတော့ MSME လုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်လုပ်နေတဲ့သူတွေ ဖြစ်ပါတယ်။ အခုမှ လုပ်ချင်လို့ စိတ်ဝင်တစားလာမေးကြတဲ့သူတွေလည်း ရှိပါတယ်။ မုန့်၊ ခေါက်ဆွဲ၊ ကြာဆံ၊ စားသုံးဆီ၊ အဖျော်ယမကာ ထုတ်လုပ်တဲ့ စက်တွေအကြောင်းကို ကျွန်တော်တို့ ကုမ္ပဏီကဝန်ထမ်းတွေက သေချာရှင်းလင်း ပြသပေးပါတယ်။ ပြီးတော့ ဆေးဝါးထုတ်လုပ်တာ၊ အသီးအနှံတွေ တန်ဖိုးမြှင့် ထုတ်လုပ်တာနဲ့ အခြောက်ခံတာ၊ တိရစ္ဆာန်အစာထုတ်လုပ်တာ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပါပါတယ်။ ကုန်ပစ္စည်းအမျိုးပေါင်း ၂၁၆ ခု နဲ့ သက်ဆိုင်တာတွေကို လာရောက်လေ့လာလို့ ရပါတယ်။ ဒီလိုပြပွဲတွေကနေ MSME လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ခွင့်ရပြီး ကျွန်တော်တို့လို နည်းပညာပိုင်းနဲ့ ဆက်စပ်လုပ်ငန်းတွေပါ ဖွံ့ဖြိုးစေတဲ့အတွက် ပြပွဲတိုင်းမှာ ပါဝင်နိုင်ဖို့ ကြိုးစားသွားမှာပါ။

သန်းမင်းအောင်၊ ဂျိုင်းလော

ဓာတ်ပုံ- ဖိုးပြည့်စုံ