နေပြည်တော် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတို့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ခန်းမ၌ စေတနာရှင် အလှူရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စားသောက်ဖွယ်ရာများကိုပေးအပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲသူရိန်ခန်းမ၌ စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။
လှူဒါန်းမှုများလက်ခံလျက်ရှိ
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိရာ ယနေ့တွင် စုစုပေါင်းငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် စိတ်ဓာတ်ခွန်အားပြည့်စေသည့် စာပေစကားလက်ဆောင်များ ပါဝင်ပြီး စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက လက်ခံပေးလျက်ရှိပြီး စဉ်ဆက်မပြတ် ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်