Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲစတုတ္ထနေ့ ဆက်လက်ခင်းကျင်းပြသ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ စတုတ္ထနေ့အဖြစ် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာပြခန်းများတွင်လည်း ဒေသအလိုက်ထွက်ရှိသည့် ရိုးရာအစားအစာများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့တင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်များကို ပွဲတော်လာပြည်သူများ ဗဟုသုတအဖြစ်သိရှိနိုင်ရေးအတွက် ခင်းကျင်းပြသထားပြီး တာဝန်ရှိသူများကလည်း အသေးစိတ်ရှင်းလင်းပြသကြသည်ကိုလည်း တွေ့မြင်ရသည်။

ယနေ့စတုတ္ထနေ့ပြပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့် လုပ်ငန်းရှင်များ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာခဲ့ကြရာ ပြခန်းအလိုက်တာဝန်ရှိသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့်နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ မိမိတို့ လုပ်ကိုင်နေသည့် လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားတိုးတက်စေရန်၊ လုပ်ငန်းများအလိုက် ကြုံတွေ့ရမည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေးဆွေးနွေးမျှဝေပေးကြရာ လုပ်ငန်းရှင်များအပြင် အသိပညာဗဟုသုတရရှိလိုသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ထို့ပြင် ပွဲတော်လာပြည်သူများကို တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက ပြခန်းများရှေ့၌ ရိုးရာတေးသီချင်းများနှင့် ရိုးရာအကအလှများကို ဖျော်ဖြေတင်ဆက်ကြရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပါဝင်ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။

ပြခန်းများအတွင်း ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန်များအကြောင်းကို အသိပညာဗဟုသုတရရှိအောင် ခင်းကျင်းပြသထားမှုကို ဝင်ရောက်လေ့လာ ကြည့်ရှုကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်းများ၌လည်း ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ လာရောက် ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိသည်။

အလားတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း(MEC)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူကြသူများနှင့် အထူးစည်ကားလျက်ရှိသည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာနနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့မှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

ဖေဖော်ဝါရီ ၁၄ ရက်အထိ ငါးတိုင်ကျင်းပမည့် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲတော်တွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် MSME ထုတ်ကုန်အရောင်းပြခန်း ၃၄ ခန်း၊ ရိုးရာအစားအစာပြခန်း ၁၉ ခန်း၊ ဝန်ကြီးဌာနများမှ ထုတ်ကုန်ပစ္စည်းများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ထုတ်ကုန်များ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ဖွင့်လှစ်ရောင်းချနေသည့် ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ခင်းကျင်းပြသရောင်းချလျက်ရှိရာ မိဘပြည်သူများ(အခမဲ့) လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

သန်းမင်းအောင်၊ ဂျိုင်းလော

ဓာတ်ပုံ - ဖိုးပြည့်စုံ