Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ပနိုင်ငံများရှိ မြန်မာသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ ၁၉ ဦးနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီးလေးဦးတို့အား တွေ့ဆုံသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံရုံးအကြီး အကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ်အသီးသီးရှိနိုင်ငံများ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် အရေးကြီးကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့် ဆောင်ရွက်နေသည့်၊ တွေ့ကြုံရသည့် အခက် အခဲများကို တင်ပြနိုင်ရန်၊ နိုင်ငံတော်၏မူဝါဒများကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း။

နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရန် ပြည်ပတွင် တာဝန်ထမ်းဆောင်နေသော သံရုံးအကြီးအကဲများနှင့် သံရုံးဝန်ထမ်းများသာမက နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများတွင်ပါ တာဝန်ရှိကြောင်း၊ မူဝါဒကို အကောင်အထည်ဖော်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ နိုင်ငံတကာတွင် ယှဉ်ပြိုင်မှုဖြင့် ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိအကြောင်း ပြိုင်ဘက်အကြောင်းကို ပြည့်စုံစွာသိရှိရန်လိုအပ်ကြောင်း၊ စုစည်းအားဖြင့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသောအခြေအနေများကို မျက်ခြည်မပြတ်စေဘဲ မိမိတို့၏မူဝါဒ အောင်မြင်အောင် ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ သံတမန်၏ သဘောသဘာဝမှာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေကို သံအမတ်ကြီးများ သိရှိပြီးဖြစ်ကြောင်း၊ အားသာချက် အားနည်းချက်များကိုသုံးသပ်၍ အခွင့်အလမ်းရှာဖွေပြီး နိုင်ငံ့အကျိုးစီးပွားကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံစုံဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးများတွင် အဓိကအားဖြင့် နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း၊ သံအမတ်ကြီးများသည် သံတမန်အတွေ့အကြုံကောင်းများရှိထားသော ဝါရင့်သံတမန်များဖြစ်ကြကြောင်း၊ အချို့နိုင်ငံကြီးများမှ မမှန်မကန်ဖိအားပေးမှုများရှိသော်လည်း နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက မြန်မာနိုင်ငံနှင့် ၎င်းတို့ တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများ၏ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်မှုအခြေအနေ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့် နိုင်ငံ့အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားပြီး တွေ့ဆုံ ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်