နေပြည်တော် ဖေဖော်ဝါရီ ၁၃
၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများ ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ၊ (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်းသို့ သွားရောက်လေ့လာကြရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း စတင်တည်ဆောက်ခဲ့မှု၊ လက်ရှိအားကစားပြိုင်ပွဲများ ကျင်းပနေမှုနှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါလေ့လာရေးအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်