Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆူးလေ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားတွင် ပြည်ပတင်ပို့ရန် ဆန်တင်လုပ်ငန်းဆောင်ရွက်နေမှုနှင့် သိုလှောင်ရုံများ ပြုပြင်မွမ်းမံခြင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဌာနများမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတားအမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘောပေါ်သို့ ဆန်တင်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ဆူးလေဆိပ်ကမ်းတံတားအမှတ် (၂) နှင့် အမှတ် (၅) တို့တွင် စပိန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့ရန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် ရန်ကုန်ဆိပ်ကမ်းအနေဖြင့် အထွေထွေကုန်စည်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့်အပြင် ကုန်သေတ္တာသင်္ဘောများကိုပါ အသုံးပြု၍ ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံများသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့၍ ဌာနနှင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလမှ ဇန်နဝါရီလအထိ) စုစုပေါင်း ဆန်တန်ချိန် ၁၀၈၁၃၈၈ တန်၊ ပဲတန်ချိန် ၁၁၃၅၈၁၆ တန်နှင့် ပြောင်းတန်ချိန် ၅၂၅၅၆၆ တန်တို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆူးလေအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဝင်းအတွင်းရှိ သိုလှောင်ရုံများ ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာချုပ် (မြို့ပြ) က ဆူးလေဆိပ်ကမ်းဝင်းအတွင်း၌ သိုလှောင်ရုံ ခုနစ်လုံးရှိပြီး သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄) ကို ၁၉၁၂ ခုနှစ်နှင့် သိုလှောင်ရုံအမှတ် (၅၊ ၆၊ ၇) ကို ၁၉၆၃ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း၊ သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄) ၏ အမိုးနှင့် ရေတံလျှောက်များကို ပြုပြင်မွမ်းမံ၍ ပြည်ပသို့တင်ပို့မည့် ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ခြင်း၊ ပြည်ပမှတင်သွင်းလာမည့် ဓာတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိ သိုလှောင်ရုံ လေးလုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြုပြင်မွမ်းမံနေသော သိုလှောင်ရုံ လေးလုံးအနက် သိုလှောင်ရုံ နှစ်လုံးမှာ ၂၀၂၄ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ကျန်သိုလှောင်ရုံ နှစ်လုံးမှာ ၂၀၂၄ ခုနှစ် မေလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆူးလေသိုလှောင်ရုံများသည် နိုင်ငံတော်၏ ဆန်နှင့် လယ်ယာထွက်ကုန်များ သိုလှောင်ဖြန့်ဖြူးခြင်းအတွက် အလွန်အရေးပါသော သိုလှောင်ရုံများဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံရာတွင် ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်