Skip to main content

ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များကို အချိန်ကုန်သက်သာလွယ်ကူစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန် ဖွင့်လှစ်ပေးသည့် ကုန်ထုတ်လမ်းကို အကျိုးရှိရှိအသုံးပြုပြီး ဖွံ့ဖြိုးရေးအတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၉

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားနှင့် တပ်ကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား၊ တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာမှ သမဝါယမအသင်းသားတောင်သူများထံ မျိုး၊ သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာနေရာများ၌ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကုန်ထုတ်လမ်းဖဲကြိုးဖြတ်ဖွင့်

ဦးစွာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရွာမကျေးရွာအုပ်စု ရွှေပြည်ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကုန်ထုတ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များကို အချိန်ကုန်သက်သာ လွယ်ကူစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန် ကုန်ထုတ်လမ်းများ ဖောက်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးလိုက်သည့် ကုန်ထုတ်လမ်းကို ကျေးရွာသူ ကျေးရွာသားများက အကျိုးရှိရှိ အသုံးပြုပြီး တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့ချင်းအဆင့်ဆင့် ဖွံ့ဖြိုးရေးအတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်လင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လိုက်လံ ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဥတ္တရသီရိမြို့ဆက်လမ်းနှင့် ရှားတောကျေးရွာ ဆက်သွယ်သော ကွန်ကရစ်လမ်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာရှိ အိမ်ခြေ ၁၀၀၀၊ လူဦး ရေ ၄၀၉၆ ဦးတို့ တိုက်ရိုက်အကျိုး ခံစားရမည်ဖြစ်သည့်အပြင် စိုက်ဧက ၄၂၀ ကိုပါ လွှမ်းခြုံအကျိုးပြုသည့်အတွက် ကျေးရွာနေပြည်သူများ၏လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှားတောကျေးရွာတွင် ဆောင်ရွက်နေသည့် ချောင်းပိတ်မြောင်းပိတ် စိုက်ပျိုးရေရရှိရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မျိုးစပါးထောက်ပံ့

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ် ဂွေးပင်စံပြ ကျေးရွာ၌ကျင်းပသည့် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများထံ မျိုးစပါးနှင့် သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး တောင်သူများလိုအပ်သည့် မျိုးစပါးနှင့် သွင်းအားစု မြေဩဇာများ ထောက်ပံ့ပေးအပ်ကြရာ သမ ဝါယမအသင်းသားတောင်သူများကိုယ်စား အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် စံပြဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ငွေကျပ် ၂၈၈ သိန်းတန်ဖိုးရှိ မျိုးစပါး၊ ပုလဲမြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်