Skip to main content

နိုင်ငံတော်သြဝါဒါစရိယ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းကိန်ရွာ ခမည်းတော် ဦးဟောင်+မယ်တော် ဒေါ်နန်းပင်းတို့မှ ၁၂၉၀ ပြည့်နှစ်နတ်တော်လပြည့်ကျော် (၉)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောသားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

ဆရာတော်လောင်းလျာသည် ၁၂၉၉ ခုနှစ် တပေါင်းလဆန်း (၁၅) ရက်နေ့တွင် ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရံသီ ကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ် ကဆုန်လဆန်း (၁၃)ရက်နေ့တွင် ကျိုင်းတုံ မြို့ ကျိုင်းယင်းကျောင်း ခဏ္ဍသိမ်၌ ယင်းကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္စျာယ်ပြုလျက် ကျိုင်းတုံမြို့ ကျိုင်းယင်းရပ်ကွက်နေ ဦးဆန်း+ ဒေါ်နန်းလှ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် ကျိုင်းတုံမြို့ နယ် ယန်းကိန်ရွာ ရွာဦးကျောင်းဆရာတော်၊ ကျိုင်းယင်းကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မရံသီ စသောဆရာတော်များထံတွင် ပရိယတ္တိစာပေများ ကို သင်ယူဆည်းပူးတော်မူခဲ့ရာ ၁၃၂၀ ပြည့်နှစ်တွင် ဂုံရှမ်းဘာသာဖြင့် ဖြေဆိုအောင်မြင်တော်မူပြီး မူလ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်ကို စတင်တည်ထောင်ပြီး စာသင်တိုက်ခွဲ လေးတိုက်တည်ထောင်ဖွင့်လှစ်ကာ စာသင်သား ရဟန်းသာမဏေများအား ပရိယတ္တိစာပေများ နှစ် (၅၀) တိုင်အောင် သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ရှမ်းတိုင်းရင်းသား ရဟန်းသာမဏေများကို အစိုးရ ပါဠိပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် အကြိမ် (၅၀) တိုင် စာမေးပွဲများ နှစ်စဉ်ကျင်းပပေးခဲ့ခြင်း၊ ပိဋကတ်သုံးပုံ ကျမ်းစာများကို မြန်မာဘာသာမှ ဂုံရှမ်းဘာသာသို့ ပြန်ဆိုခဲ့ခြင်း၊ ပိဋကတ်သုံးပုံ ကျမ်းစာများကို ဂုံရှမ်းဘာသာဖြင့် ကျောက်စာရေး ထိုးခဲ့ခြင်း၊ ၁၉၉၇ ခုနှစ်တွင် အလက ကျောင်းမြေ နေရာနှင့် ကျောင်းအဆောက်အအုံများ လှူဒါန်းခဲ့ ခြင်း၊ ၁၉၉၈ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကြီးကို ဦးဆောင်၍ တည်ထားခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် တာချီလိတ်ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်(ပရဟိတ)ဂေဟာကို ဦးဆောင်၍ တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း၊ ၂၀၀၄ ခုနှစ်တွင် မြို့နယ်သာသနာရေးမှူးရုံး မြေနေရာနှင့် ရုံးအဆောက်အအုံကို ဦးဆောင်၍ မတည်ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ်တွင် တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် ငါးထပ်အဆောက်အအုံ လှူဒါန်းခဲ့ခြင်းနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး ၁၉၉၆ ခုနှစ်မှစ၍ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန် သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋ ကတ္တယဆေကဂုဏ်၊ ဂန္ထန္တရ ဗာဟုသစ္စဂုဏ်၊ ဗဟု ဇနဟိတ သုခါဝဟဂုဏ်၊ ဂန္ထရစနာဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်း တို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၅ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း တက္ကသိုလ်က ၂၀၀၉ ခုနှစ်တွင် (Homorry Ph.D, Degree From Mahachulalongkornrajavidyalaya University, Bangkok, Thailand) ဘွဲ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ၂၀၁၀ ပြည့်နှစ်တွင် ရတနရံသီဘွဲ့ တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော် အစိုးရက ၂၀၂၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၆)နှစ် သိက္ခာတော်(၇၇)ဝါအရ ၁၃၈၅ ခုနှစ် ပြာသိုလ ပြည့်ကျော်(၁၄)ရက် (၈-၂-၂၀၂၄) ကြာသပတေးနေ့ (၀၀:၀၂) နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော် မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်