Skip to main content

ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်

နေပြည်တော် ဖေဖော်ဝါရီ ၇

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ်အချို့အရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း ကနဦးသိရှိရသည်။

ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက်သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်ကြောင်း သိရှိရပြီး၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းခြင်းရာများကြောင့် အချင်းချင်းစိတ်သဘောထား မတိုက်ဆိုင်သဖြင့် ၎င်းတို့အချင်းချင်း ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည့် အသွင်ဖြင့် လုပ်ကြံဖန်တီးရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ၎င်းတို့နှင့် သဘောထားမတိုက်ဆိုင်သူများနှင့် ၎င်းတို့အလိုကိုလိုက်၍ လိုက်ပါဆောင်ရွက်ခြင်းမရှိသူများအား အကြောက်တရားများ လွှမ်းမိုးစေရန် အများပြည်သူများ ရှေ့မှောက်၌ တာယာကွင်းစွပ်၍ မီးရှို့သတ်ဖြတ်ခြင်း၊ လည်လှီးသတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း စသည့်လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်လျက်ရှိသည်ကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာများ၌ စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ထိုကဲ့သို့ လူမဆန်သော ရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့်အသွင်ဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက အချိန်အခါကိုက် သတင်းတု၊ သတင်းမှားများအား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်