နေပြည်တော် ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်အတူ တောင်ကြီးပညာ့ရိပ်သာကို ရောက်ရှိကာ အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၊ စုဝေးခန်းမဆောင်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ အားကစားကွင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာ၊ မိသားစုအိမ်ခန်းများ စနစ်တကျနေရာချထားရေး၊ အိမ်ရာလုံခြုံရေး၊ အားကစားလေ့ကျင့်ရေးခန်းမရှိ အားကစားပစ္စည်းများကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ခွဲဝေချထားပေးရေး၊ အိမ်ရာနေဝန်ထမ်းများ သွားလာရေး အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများ ကာယလေ့ကျင့်ခန်းအစီအစဉ်ဖြင့် အတွဲ ၁၊ ၂ သွေးပူလေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှုနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း ကစားနေမှုများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇဆောင်ခန်းမ၌ တောင်ကြီး၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အနာဂတ်ပဲ့ကိုင်ရှင် ဆရာ ဆရာမ လောင်းများဖြစ်ကြသဖြင့် ဘာသာရပ်များကို နှံ့စပ်စွာ နားလည်တတ်ကျွမ်းအောင် သင်ယူလေ့လာကြရန်၊ အလွတ်ကျက်မှတ်ခြင်းအစား စဉ်းစားတွေးခေါ်မှတ်သားကြရန်၊ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်များကို သိရှိနားလည်ကာ နိုင်ငံချစ်စိတ်မွေးမြူကြရန်၊ စည်းကမ်းရှိသော၊ ကိုယ်ကျင့် တရားကောင်းသော စံနမူနာပြဖြစ်ကြစေရန်မှာကြားပြီး အခြေခံပညာဦးစီးဌာန လေ့ကျင့်ရေးအလယ်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အေးသာယာမြို့ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် စာမေးပွဲများ ဖြေဆိုနေမှုကိုလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်နှင့် စာကြည့်တိုက်များကိုလည်ကောင်း၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး သင်ကြားရေးဌာနများတွင် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စားရိပ်သာများ၌ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်