Skip to main content

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့တောင်ကြီးမြို့၌ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၇

(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ထို့နောက် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများဖွင့်ပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်းများကို လှည့်လှည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲကို မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်လက်မှတ် ဂုဏ်ထူးဆောင်ဆုများကိုချီးမြှင့်ရာ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေကလည်းကောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တာဝန်ရှိသူတို့ကလည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆု (တတိယအဆင့်) မွေးမြူရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) လူမှုရေးဆိုင်ရာထူးချွန်ဆု(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူများနှင့် အားကစားထူးချွန်ဆု (ပထမအဆင့်၊ တတိယအဆင့်) ရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများကို ဆုများချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရှမ်းပြည်နယ်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လက်ခံရယူကြောင်း သိရသည်။

သတင်းစဉ်