(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။
ထိုသို့သွားရောက်ဖူးမြော်လေ့လာခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရင်တွင်းစကားသံများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဒေါ်သူဇာဇံ (ကချင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ အုပ်ချုပ်သူ)
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီကနေ စီစဉ်ဆောင်ရွက်ပေးထားတဲ့အတိုင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးတာကနေ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပြင် Junction Centre ၊ ကျောက်မျက်ရတနာပြတိုက်နဲ့ လွှတ်တော်ကိုလည်း သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒုတိယအကြိမ်မြောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားက မရောက်ဖူးတဲ့ကလေးတွေကလည်း ဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် အားလုံးက ဝမ်းသာပီတိဖြစ်ကြတယ်။ လေ့လာရေးခရီးစဉ်တွေကို စီစဉ်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ရှိပါတယ်။ စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့အပြင် အနုပညာလက်ရာမြောက်တဲ့ ပန်းဆယ်မျိုးကို တစ်နေရာတည်းမှာ လေ့လာဖူးမြော်ခွင့်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါ်မြတ်နိုးဇော် (ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့)
ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို လာရောက်ဖူးမြော်တဲ့အချိန်မှာ တာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြောကြားမှုတွေကြောင့် ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ ဖူးမြော်တဲ့အချိန်မှာလည်း သပ္ပာယ်ပြီး ကြည်ညိုဖို့ကောင်းလှပါတယ်။ ဝမ်းသာပီတိဖြစ်မိပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေလည်း လာရောက်ဖူးမြော်ကြည့်ပါ။ စိတ်အေးချမ်းသာယာမှုကို ခံစားရစေပါတယ်။ ကျွန်မတို့လေ့လာရေးအဖွဲ့တွေအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပြင် Junction Centre ၊ ကျောက်မျက်ရတနာပြတိုက်နဲ့ လွှတ်တော်ကိုလည်း သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
နော်လှလှဝင်း (ကရင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ အုပ်ချုပ်သူ)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဆုံးအကြိမ် လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်ရတဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ကရင်ပြည်နယ်ကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုရင် လာရောက်ဖူးမြော်ဖြစ်မှာမဟုတ်ပါဘူး။ အခုက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ကပြဖျော်ဖြေဖို့အတွက် လာရောက်ရင်း တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုကြောင့် အခုလိုဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုရားကြီးကို လာရောက်လေ့လာဖူးမြော်ခွင့်ရတဲ့အတွက် ဗဟုသုတတွေ အများကြီးရပါတယ်။
ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ဒေသကို ပြန်ရောက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံမှာ အခုလိုမျိုး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ကြည်ညိုစရာကောင်းတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေပြောပြသွားမယ်။ ဘုရားကြီးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ အတူတူလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ အခွင့်အခါသင့်ရင် လာရောက်ဖူးမြော်ကြဖို့ သတင်းစကားပါးလိုပါတယ်။
မနန်းငွေစန္ဒာ (ကရင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်မတို့ဒေသကနေ လာရောက်ဖူးမြော်ဖို့ဆိုတာ လွယ်တော့မလွယ်ကူပါဘူး။ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် တစ်ခါတည်းဖူးမြော်ခွင့်ပါ ရရှိခဲ့တာဖြစ်ပါတယ်။ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုတွေကိုလည်း လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ တိုင်းရင်းသားပေါင်းစုံ စုစည်းပြီး ဖူးမြော်ခွင့်ရတဲ့အတွက် ပိုပြီး ကြည်နူးပျော်ရွှင်မိပါတယ်။
ပေါင်လမ့်ထန် (ချင်းပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့)
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ချင်းပြည်နယ်ကိုယ်စားပြု တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအက ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် နေပြည်တော်ကို ရောက်ရှိပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပထမဆုံးအကြိမ် လာရောက်ဖူးမြော်လေ့လာခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဖူးမြော်ခွင့်ရရှိတဲ့အချိန်မှာလည်း တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားပေးတယ်။ ဒီလို ရှင်းလင်းပြောကြားပေးတဲ့အတွက် မြန်မာမှုအနုပညာလက်ရာတွေ၊ ဗိသုကာပညာတွေနဲ့ အံ့မခန်းတည်ဆောက်ထားတာကို လေ့လာသိရှိရပါတယ်။ ကျောက်စာတွေကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာနဲ့ ရေးထိုးထားတာကို လေ့လာခွင့်ရခဲ့ပါတယ်။
ကျိန်ရှန်းစန် (ချင်းပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့)
ချင်းပြည်နယ် တီးတိန်မြို့ကနေ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် လာရောက်ရင်း နေပြည်တော်မှာရှိတဲ့ အထင်ကရနေရာတွေကို လည်ပတ်ခွင့်ရခဲ့တယ်။ ဒီနေ့မှာ ကျွန်မတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ဘုရားရင်ပြင်တော်ပတ်လည်က ဂန္ဓကုဋိတိုက်၊ မော်ကွန်းတိုက်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနဲ့ ကျောက်စာရုံစေတီတော်တွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ တည်ဆောက်ထားတဲ့လက်ရာတွေက အံ့မခန်းလက်ရာတွေလို့ ပြောလို့ရပါတယ်။ ဂုဏ်ယူစရာကောင်းပါတယ်။
တွေ့ဆုံမေးမြန်း - အောင်မင်းဟန်၊
ဂျိုင်းလော၊ ဓာတ်ပုံ- အောင်ပြည့်