Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ် စိန်တောင်၊ လှော်ကထားကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေး လုပ်ငန်းဖွင့်ပွဲကျင်းပ 

နေပြည်တော် ဖေဖော်ဝါရီ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ကျုံရှကျေးရွာသို့ရောက်ရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ကျုံရှကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မိသားစုချင်းဝင်ငွေများ တိုးပွားလာစေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာပြည်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် ကျောင်းစုကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အိမ်တိုင်ရာရောက် ရေမီတာသုံးစနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျေးရွာအမှိုက်ကင်းစင်စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာသို့ရောက်ရှိပြီး အသောကပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူးနှင့် အသင်းအမှုဆောင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်းသားတောင်သူ ၄၇ ဦး၏ စိုက်ပျိုးမြေဧက ၁၄၀ ပေါ်တွင် ကိုင်းရှပ်၊ ယိုးဒယားမျိုး ပီလောပီနံစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပီလောပီနံမှ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ဈေးကွက်သေချာစွာရရှိရေး ကြိုတင်ချိတ်ဆက်စီမံ ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ အသင်းသားတောင်သူ ဦးသန်းမြင့်၏ ပီလောပီနံစိုက်ခင်းအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၆၄၉ အိမ်၊ လူဦးရေ ၂၉၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ပဆင-ခတ္ထူ-ထူပါရုံဘုရားလမ်းအား မြေသားလမ်းမှကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စိန်တောင်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကဆောင်ရွက်ခဲ့သည့် စိန်တောင်၊ လှော်ကထား ဆိုလာအသေးစား ဓာတ်အားပေးစနစ် (Solar Mini-Grid) မီးလင်းရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက လျှပ်စစ်မီးလင်းရေးကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ(Off-Grid) လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစီမံကိန်းမှာ ဆိုလာ ၂၂၄ ဒသမ ၄ ကီလိုဝပ်၊ အရန်ဒီဇယ်အင်ဂျင်စနစ် ၁၂၀ ကီလိုဝပ်ပါဝင်ပြီး ငွေကျပ် ၂၈၅၄ ဒသမ ၆၅၈ သန်းဖြင့် နိုင်ငံတော် ရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းထည့်ဝင်ကာ Pro Engineering ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း၊ စီမံကိန်းမှ ကျေးရွာရှိ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် အကျိုး ခံစား ရရှိနိုင်မည်ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းကြောင့် လူနေမှုအဆင့်အတန်းကို မြင့်မားစေရုံသာမက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြု နိုင်မည်ဖြစ်သည့်အပြင် အသေးစားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကိုပါ တစ်ပါတည်းရရှိလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစားဓာတ်အားစနစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းပေါင်း ၃၅ ခုအနက် စိန်တောင်၊ လှော်ကထားကျေးရွာ ဆိုလာအသေးစားဓာတ်အားစနစ် လုပ်ငန်းမှာ ၃၂ ခုမြောက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း၊ ယခုစီမံကိန်းဆောင်ရွက်ရာတွင် ဒေသတည်ငြိမ်အေးချမ်းမှု၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပံ့ပိုးမှု၊ ကုမ္ပဏီ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးခဲ့ကြောင်း၊ လက်ငင်းအကျိုးခံစားမှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများစာမေးပွဲများ မဖြေဆိုမီဆောင်ရွက် ပြီးစီးခဲ့သည့်အတွက်များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ယခုမီးလင်းရေးစနစ်ရေရှည်တည်တံ့ အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ကျယ်ကျယ်ပြန့်ပြန့် အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ဆက်လက်၍ စိန်တောင်၊ လှော်ကထား ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို တာဝန်ယူတည်ဆောက်ခဲ့သော Pro Engineering ကုမ္ပဏီလီမိတက်မန်နေးဂျင်း ဒါရိုက်တာက ယခုတည်ဆောက်ပြီးစီးခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှာ Grid Ready ဖြစ်ပြီး ကြိုတင်ငွေဖြည့်စမတ် မီတာစနစ် (Prepaid Smart Meter) ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက မီးလင်းရေးစနစ် ရေရှည်တည်တံ့အောင်မြင်စေရေး ကျေးရွာအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်မီတာခနှုန်းထားများအတိုင်း တာဝန်ကျေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။

ထို့နောက် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး တင်ဇော်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ Pro Engineering ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မီးလင်းရေးစက်ရုံ ကမ္ပည်းမော်ကွန်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆိုလာအသေးစားဓာတ်အားပေးစက်ရုံနှင့် ကျေးရွာတွင်းလျှပ်စစ်ဓာတ်အား သွယ်တန်းထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်