Skip to main content

၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား သွားရောက်တွေ့ဆုံနှုတ်ဆက်

နေပြည်တော် ဖေဖော်ဝါရီ ၄

၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် တက်ရောက်ပါဝင်ဆင်နွှဲမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အားကစားလေ့ကျင့်ရေးစခန်း စားရိပ်သာ၌ သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်မျာတက်ရောက်ကြသည်။

 ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအကများကို အပြန်အလှန်ဖလှယ်နိုင် စေရန်အတွက်ရည်ရွယ်၍ ဖိတ်ကြားရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးတို့တွင် မိမိတို့၏မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် အလှကိုယ်စီရှိကြောင်း၊ ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲ၍ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်ပါ ပြည်ထောင်စုကြီးထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝစဉ်တည်တံ့ ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖြင့် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစားပေးပုံဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန်တို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်