၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်၊ အတတ်ပညာ ရှင်များအနက်မှ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ရင်တွင်းပီတိစကားသံများကို ဖော်ပြလိုက်ပါသည်။
အကယ်ဒမီ ဒါရိုက်တာအောင်မြင့်မြတ်
(မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)
ဒီဆုက ရုပ်ရှင်လောကမှာ ရုပ်ရှင်သမားတိုင်းလိုချင်တဲ့ဆုပါ။ ဝမ်းလည်းဝမ်းသာတယ်၊ ဝမ်းလည်းဝမ်းနည်းတယ်။ ဝမ်းသာတယ်ဆိုတာက ဆုရလို့ပါ။ ဝမ်းနည်းတယ်ဆိုတာက ကျွန်တော့်ကို ဒီဆုရစေချင်တဲ့ဆရာတွေရှိတဲ့အချိန်က ဒီဆုကိုရအောင်ယူမပြနိုင်ခဲ့လို့ ဝမ်းနည်းတာပါ။ ကျွန်တော့်ရဲ့ ဆရာတွေမှာသက်ရှိ ထင်ရှားရှိတာဆိုလို့ မောင်နှင်းမိုး တစ်ယောက်ပဲရှိပါတော့တယ်။ ကျန်တဲ့ဆရာတွေက အကုန်လုံးဆုံးသွားပါပြီ။ သမိုင်းမှာတော့ ကျွန်တော့်ကိုဓာတ်ပုံ သင်ပေးတဲ့ဆရာတွေ၊ တည်းဖြတ်သင်ပေးခဲ့တဲ့ဆရာ ဦးဖိုးဟန်အစရှိတဲ့ ဆရာတွေများစွာရှိပါတယ်။ ရုပ်ရှင်ရိုက်တဲ့နေရာမှာ အမည်ပေးတာကအစ သင်ပေးခဲ့တဲ့ဆရာ ဦးသုခဆိုရင် ကျွန်တော့်ကိုတော်တော်လေးသင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ဘဝတွေမှာ ဆရာတွေကနောက်ကနေကြည့်ပြီးတော့ ကောင်းတယ်၊ မကောင်းဘူးဆိုပြီး အမြဲဆုံးမသွန်သင်ပေးနေတဲ့အတွက် ကျွန်တော်တို့မှာ အားရှိခဲ့ပါတယ်။
အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုး
(မြန်မာ့ရုပ်ရှင်တစ်သက်တာဆု)
နိုင်ငံတော်ကနေ မြန်မာ့ရုပ်ရှင် တစ်သက်တာဆုကို ချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ဒါရိုက်တာ လုပ်သက် နှစ်ပေါင်း ၅၆ နှစ်ရှိပါပြီ။ အခုလို သက်တမ်းရှည်စွာနဲ့ ရပ်တည်ပြီး ဒီနေ့အထိ ဇာတ်ကားတွေရိုက်၊ ပန်းချီတွေရေးဆွဲနေတုန်းပါ။ ဒီအတွက်လည်း ကျေနပ်တယ်။ အခုလို မြန်မာ့ရုပ်ရှင် တစ်သက်တာဆုကို ရရှိတာဟာ ကျွန်တော့်ရဲ့ကြိုးစားမှုအတွက် ထိုက်တန်တယ်လို့ ခံယူပါတယ်။ အနုပညာလောကမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ယုံယုံကြည်ကြည်လုပ်မယ်ဆိုရင် ဒုက္ခနဲ့တွေ့ရင်လည်း ဒုက္ခကိုသုခအဖြစ် ပြောင်းသွားမှာပါ။ မကြိုးစားရင် ဘာမှမဖြစ်ပါဘူး။ အလုပ်ကိုလုပ်နေမယ် ဆိုရင်ဒုက္ခဆိုတာရှိလာမှာပါ။ အလုပ်လုပ်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ထည့်ပြီးကြိုးစားအလုပ်လုပ်ပါ။ အလုပ်လုပ်တဲ့ အခါတွေ့ရတဲ့ပင်ပန်းတာတွေ၊ ဒုက္ခတွေ၊ ကြိုးစားတာတွေဟာဂုဏ်ယူစရာလို့ သိလာတဲ့အချိန်ကစပြီး လူငယ်တွေအားလုံး ပိုပြီးတော်လာမှာပါ။ ဒီလိုပဲ လူငယ်တွေကို တော်စေချင်ပါတယ်။
အကယ်ဒမီဝင်းလွင်ထက်
(ရုပ်ရှင်ဓာတ်ပုံဆု)
ကျွန်တော် ရုပ်ရှင်ဓာတ်ပုံဆုကို ကံကောင်းဇာတ်ကားနဲ့ ရရှိခဲ့တဲ့အတွက် ပိုပြီးပျော်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ကျွန်တော်ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာကျွန်တော် ကျွမ်းကျင်ပြီး စိတ်အားထက်သန်တဲ့ Director of Photography အပိုင်းကို ပိုပြီးဂရုစိုက်ပါတယ်။ ကံကောင်းရုပ်ရှင်ဇာတ်ကားမှာ ဆိုရင်ဇာတ်ကားရဲ့ လိုအပ်ချက်အတိုင်း Director of Photography အပိုင်းမှာ ဘောင်ထဲကနေ ဘယ်လောက်ထိပြလို့ရနိုင်တယ်ဆိုတာကို ဘက်ပေါင်းစုံကနေ အတတ်နိုင်ဆုံးကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာပါတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေအားလုံးက သူ့အပိုင်းနဲ့သူ အကောင်းဆုံးကြိုးစားထားတယ်။ ဇာတ်ကားရိုက်ပြီးတဲ့ အချိန်မှာလည်း ကျေနပ်အားရမှုရှိခဲ့တယ်။ အခုလို အသိအမှတ်ပြုပြီး ချီးမြှင့်ခံရတဲ့အတွက် လုပ်ရတာပိုအားရှိပါတယ်။ နောက်ထပ်ဆက်လုပ်ရမယ့် အလုပ်တွေအတွက်လည်း Motivation တွေရလာတယ်လို့လည်း ခံစားရပါတယ်။ ကံကောင်းရုပ်ရှင်ဇာတ်ကားကို ရုံတင်တဲ့အခါမှာအားပေးကြတယ်။ အကယ်ဒမီပွဲ နီးလာတဲ့အခါမှာလည်း ကံကောင်းကို Voting လုပ်ပေးကြတဲ့ ပရိသတ်တွေကို ကံကောင်းအဖွဲ့ ကိုယ်စား ကျွန်တော်ကအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒါရိုက်တာညိုမင်းလွင်
(ရုပ်ရှင်ဇာတ်ညွှန်းဆု)
၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ညွှန်းဆုအဖြစ် ချီးမြှင့်ခံရတဲ့အတွက် အင်မတန်ပျော်ရွှင်ဝမ်းသာရပါတယ်။ ဒီဇာတ်ကားကို ဖန်တီးတဲ့အခါ နောင်တစ်ချိန်မှာ ဆုရရမယ်ဆိုတဲ့စိတ်နဲ့ ဖန်တီးခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ရဲ့စိတ်စေတနာနဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်သွားပါတယ်။ ပရိသတ်တွေလုံးဝမသိသေးတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ခဲ့တဲ့ဇာတ်ကားကို အခုလိုအသိ အမှတ်ပြုခံရတာ ဝမ်းသာဂုဏ်ယူမိပါ တယ်။ ဇာတ်ကားအမျိုးအစားတွေထဲကမှ သရဲဇာတ်ကားကနေ အခုလို ဆုချီးမြှင့် ခံရတဲ့အတွက် နောက်ထပ်သရဲကား ရိုက်ချင်တဲ့ လူငယ်မျိုးဆက်သစ်တွေ အတွက်လည်း စိတ်ခွန်အားတွေရပြီး များစွာလုပ်လာကြမယ်လို့ မြင်ပါတယ်။ ဒီဇာတ်ကားကိုဖန်တီးခဲ့ကြတဲ့ အဖွဲ့သားတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) (ရုပ်ရှင်ဒါရိုက်တာဆု)
ကျွန်တော့်စိတ်ကြိုက် ဇာတ်ကားဖြစ်တဲ့ စောင်နီလေးတစ်ထည်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ဒီဇာတ်ကားရိုက်ခဲ့တုန်းက ဇာတ်ကားရဲ့ သဘောသဘာဝအားလျော်စွာ မြင့်မားတဲ့တောင်တန်းတွေ နဲ့ လျှိုမြောင်တွေထဲမှာ သွားလာရတဲ့ စက်အဖွဲ့တွေ၊ အေးစက်တဲ့ရာသီဥတုဒဏ်တွေကို ခံစားခဲ့ကြရတဲ့ သရုပ်ဆောင်တွေနဲ့ အဖွဲ့သားတွေရဲ့ လှုပ်ရှားမှုတွေ အကန့်အသတ်ဖြစ်ခဲ့တဲ့အပြင် ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ပစ္စည်းအချို့ကလည်း ကန့်သတ်ချက်ဖြစ်ခဲ့တာကြောင့် ဒါတွေ အားလုံးကတော့ အခက်အခဲနဲ့ အမှတ် တရဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့အနုပညာရှင်အားလုံးကို အားရမှုရှိခဲ့လို့ အကောင်းဆုံးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်အားလုံးကလည်း ကျွန်တော့်အတွက် တလေးတစားနဲ့ ရိုက်ကွင်းပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လိုက်ပါလုပ်ဆောင်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားက ဝင်ငွေရအောင်ရိုက်တာ မဟုတ်တဲ့အတွက် စိတ်ကြိုက်ဖန်တီးခွင့်ရတယ်။ ကူညီပံ့ပိုးမှုတွေလည်း ရခဲ့တယ်။ ထုတ်လုပ်သူရဲ့ ဖိအားလည်းမရှိဘူး။ ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ဘယ်ဇာတ်ကားမဆို ဝေဖန်ထောက်ပြပြီး အကြုံပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။
သရုပ်ဆောင်နေဝင်း
(အမျိုးသားဇာတ်ပို့ဆု)
ကျွန်တော် ပြောထားတဲ့အတိုင်း အကယ်ဒမီဆုရဖို့ မှန်းကိုမမှန်းထားပါဘူး။ ဒီဇာတ်ကားက ကျွန်တော်ပထမဆုံး ရိုက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဆုရရှိခဲ့တဲ့အတွက် ကျွန်တော့်ဘဝတစ်သက်လုံး အမှတ်ရနေမှာဖြစ်သလို ဝမ်းသာပျော်ရွှင်ရပါတယ်။ ကျွန်တော့်လို အသစ်တစ်ယောက်ကို စွန့်စွန့်စားစားနဲ့ ရုံကြီးကားရိုက်မယ်ဆိုတော့ ဇာတ်လမ်းကို သေချာဖတ်ကြည့်တယ်။ ကိုယ်တာဝန်ယူရမယ့် ဇာတ်ကောင်နေရာဝင်အောင်လို့ တတ်သလောက်၊ မှတ်သလောက်နဲ့ ဘက်ပေါင်းစုံကနေ သေသေချာချာကြိုးစားလေ့လာပြီး လုပ်ခဲ့ပါတယ်။ ရုပ်ရှင်လမ်းကြောင်းပေါ်ကို ယုံယုံကြည်ကြည်နဲ့ လျှောက်ခွင့်ပေးပြီး ဒီဇာတ်ကားကို ရိုက်ခွင့်ပေးခဲ့တဲ့ ကျွန်တော့်ဇနီးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့အစ်ကို အရင်းလိုသေချာပြောပြပြီး စေတနာပါပါနဲ့ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာကိုစိုးမိုး မင်းနဲ့ရည်ရွယ်မိုး အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ ရည်ရွယ်မိုးနဲ့ စာရိတ္တဇာတ်ကားကို ကျွန်တော့်ရဲ့ပရိသတ်တွေ ယုံယုံကြည်ကြည်နဲ့သွားရောက်ပြီး မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြတဲ့အတွက် ပရိသတ်တစ်ယောက်ချင်းစီ တိုင်းကို ရင်ထဲကနေ အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဒီထက်ပိုကောင်းအောင်၊ သဘာဝကျအောင်၊ သရုပ်ပေါ်အောင် သေသေချာချာကြိုးစားပြီး ဒီခရီးလမ်းလျှောက်လှမ်းသွားပါမယ်လို့ ပြောချင်ပါတယ်။
အကယ်ဒမီစိုးမြတ်သူဇာ
(အမျိုးသမီး ဇာတ်ဆောင်ဆု)
ဒီအကယ်ဒမီဆုကိုမရခဲ့တာ နှစ်ပေါင်း ၂၅ နှစ်ရှိပါပြီ။ အခု အသက် ၅၂ နှစ်ရောက်မှ အကယ်ဒမီဆုကို ပြန်လည်ရရှိခဲ့တယ်။ ပြန်လည်ရရှိတဲ့အချိန်မှာလည်း ကံအားလျော်စွာ ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ အနုပညာ သက်တမ်းတစ်လျှောက်မှာ ပင်ပင်ပန်းပန်းကြိုးစားပြီး ဇာတ်ပို့၊ ဇာတ်ဆောင်မခွဲခြားဘဲ လုပ်ခဲ့တာတွေက အကျိုးပြန်ပေးတာပါ။ ငယ်ငယ်တုန်းကရခဲ့တဲ့ အကယ်ဒမီဆုတွေထက် အခုလို အသက် ၅၂ နှစ်ရောက်မှ ရရှိတဲ့ဆုက ပိုပြီးတန်ဖိုးရှိပါတယ်။ ငယ်ငယ်တုန်းကအချိန် တွေ အများကြီးရှိတဲ့အတွက် ကြိုးစားရင်ကြိုးစားသလို ဆုတွေရမှာဖြစ်ပါတယ်။ ဒီအသက်အရွယ်ကျမှ ဇာတ်ဆောင်ဆုရဖို့ ဆိုတာမလွယ်ပါဘူး။ အခုခေတ် မင်းသမီးတွေကသိပ်တော်ကြပါတယ်။ ဒီဆုကိုရရှိခဲ့တာကြောင့် ပရိသတ်တွေအပြင် မကြီးရဲ့ကလေးတွေက မကြီးထက်ပိုပြီး ဝမ်းသာကြမယ်ထင်ပါတယ်။ ဒီအတွက်လည်း ကြည်နူးရပါတယ်။ ရှေ့ဆက်လျှောက်မယ့်လမ်းမှာ အသက်အရွယ်နဲ့လိုက်ဖက်ညီတဲ့ ဇာတ်လမ်းတွေ၊ အနုပညာတွေကို ဖန်တီးတဲ့အခါ အခုရရှိခဲ့တဲ့ အကယ်ဒမီဆုနဲ့ ချစ်တဲ့ပရိသတ်တွေက ခွန်အားဖြစ်စေပါတယ်။
အကယ်ဒမီရန်အောင်
(အမျိုးသားဇာတ်ဆောင်ဆု)
ဒီဆုကိုရရှိခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အသက် ၅၇ နှစ် ရှိပါပြီ။ အကယ်ဒမီဆုကို ၁၇ နှစ်ကြာမှ ခုနစ်ဆုမြောက်အဖြစ် ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ပါဝင်တဲ့ ဇာတ်ကားကနေ ရင်ခုန်ခွင့်ရတဲ့အတိုင်း ရင်ခုန်သံနဲ့ထပ်တူဖြစ်အောင် ချီးမြှင့်ခံရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ်။ ဆုချီးမြှင့်ပေး တဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါ တယ်။ ဒီဇာတ်ကားရိုက်ဖို့အတွက် ဒူးဝါးဇာတ်ကောင်နေရာကို ဒါရိုက်တာကိုတင်အောင်စိုးက တာဝန်ပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီဇာတ်ကောင်နေရာက ကျွန်တော့်အတွက် စိန်ခေါ်မှုဖြစ်တယ်။ ရအောင်လုပ်မယ်၊ အပီပြင်ဆုံးလုပ်မယ်လို့ ခံယူချက်ထားခဲ့တယ်။ ဒါကြောင့် ဇာတ်ကားမရိုက်ခင်ကတည်းက အရင်တုန်းက စီနီယာကြီးတွေရိုက်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ လုပ်ဆောင်မှုတွေကို အတုယူရပါတယ်။ မတူတဲ့ဇာတ်ကောင်ကို ဖန်တီးရတာဖြစ်တာကြောင့် ဘက်ပေါင်းစုံကနေ အသေးစိတ်ပြင်ဆင် ကြိုးစားခဲ့ရပါတယ်။ ရိုက်ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ဇာတ်ကောင်စရိုက်ကို အားရကျေနပ်မှုရှိပါတယ်။ အခုလိုအသက်အရွယ်မှာ ကျန်းကျန်းမာမာနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့အချိန်မှာ ဒီဆုကိုရရှိတဲ့အတွက် ပိုပြီးဝမ်းသာပါတယ်။ ကျွန်တော်တို့ အတွက်က ဆုရရှိဖို့အခွင့်အရေးနည်းနေပါပြီ။ ကလေးတွေက အခွင့်အရေးတွေ များစွာရှိနေပါသေးတယ်။ ကလေးတွေ အခုလိုဆုရရှိကြတော့ သူတို့တွေအတွက် အားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း ဆုရရှိခဲ့တဲ့အတွက် အားဖြစ်ခဲ့ပါတယ်။ ဆုရရှိခဲ့ကြတဲ့ ကလေးတွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်တွေ ဆက်လက်ပြီးအားပေးကြပါ။ ပရိသတ်တွေရဲ့အားပေးမှုက ကျွန်တော်တို့ရဲ့ လျှောက်လှမ်းရမယ့် ခြေလှမ်းတွေဖြစ်ပါတယ်။ ပရိသတ်အားပေးမှုမရှိရင် ဘယ်လောက်ကြိုးစား ကြိုးစားအရာမထင်ပါဘူး။ အားပေးမှုရှိမှ အရာထင်မှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - HMS
ဓာတ်ပုံ - လုလင်ငယ်