Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင်တည် ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လာရောက်ဖူးမြော်ကြည်ညို ကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့က ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့မှုနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း ပြောကြားပေးမှုအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ယင်းနောက် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပက အဖွဲ့တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့တို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များနှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။

ယနေ့တွင် လာရောက်ဖူးမြော်ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီးညောင် လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ စကားသံများကို ယခုလိုကြားသိရသည်-ဘုန်းဘုန်းက မန္တလေးတိုင်းဒေသကြီး မှာရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းက ကထိကဆရာတော်တစ်ပါးပါ။ ဘုရားဒါယကာကြီး အကြီးအကဲတို့ကနေ ပြီး ဘုန်းဘုန်းတို့ကို ဒီမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရင်း ဘုန်းဘုန်းတို့ကို ဒီမှာရွှေကျောင်းတော်ကြီးမှာ သီတင်းသုံးပြီးတော့ ကုသိုလ်ယူသာသနာပြုဖို့ လျှောက်ထားပါတယ်။ အဲဒီတော့ ဒီမှာသီတင်းသုံးနေတဲ့ အခိုက်အတန့်မှာ ဘုန်းဘုန်းရဲ့သင်တန်းကျောင်းက သင်တန်းသားတွေကို ဘုန်းဘုန်းကလာရောက်ပြီး ဖူးစေချင်တယ်။ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုရင်းနဲ့ ဘုန်းဘုန်းကို ဖူးရင်းပေါ့။ သူတို့လည်း ဘုန်းဘုန်းတို့ရှိတုန်း၊ ဖူးမြော်ခွင့်ရတုန်း ဖူးမြော်ဖို့ဆိုပြီးအခုလို စီစဉ်ဆောင်ရွက်ခဲ့တာပါ။ ဒီအတွက် အလွန်ဝမ်းမြောက်ဝမ်းသာရှိပါတယ်။ ကမ္ဘာပေါ်မှာလည်း အကြီးဆုံး၊ မြန်မာမှာလည်းအကြီးဆုံး အံ့ဩဖွယ်ရာရုပ်ပွားတော်ကြီးဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဒါယကာ၊ ဒါယိကာမတွေလည်း ဒီလိုပဲ အံ့ဩဖွယ်၊ ကြည်ညိုဖွယ်မြန်မာပြည်မှာ သက်တော်ထင်ရှားမြတ်စွာ ဘုရားတစ်ဆူကြွလာပြီး သီတင်းသုံးနေတယ်လို့ ဘုန်းဘုန်းတို့ အာရုံပြု ကြည်ညိုကြတာဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းသံဃာတော်တွေနဲ့ အများပြည်သူကိုလည်း ကြည်ညိုစေချင်တဲ့အတွက် အခုလိုလာရောက်ဖူးမြော်နိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ သူတော်စင်အပေါင်းတို့လည်း လာရောက်ပြီးတော့ စိတ်ချမ်းသာလက်ချမ်းသာ ဖူးမြော်နိုင်ပါတယ်။ အဲဒီလို ဖူးမြော်နိုင်ဖို့အတွက်လည်း ဒီမှာရှိတဲ့တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးထားတဲ့အတွက် လာရောက်ပြီး ဖူးမြော်ကြည်ညိုကြဖို့ ဘုန်းဘုန်းအနေနဲ့ မိန့်ကြားအပ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ ဖူးမြင်ရတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ကျွန်တော့်အသက် အခု ၇၀ ကျော်ပါပြီ ဒီအချိန်အထိ တစ်ခါမှ ဒီလိုဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မဖူးတွေ့ရသေးပါဘူး။ ဒီရုပ်ပွားတော်မြတ်ကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ လာရောက်ဖူးမြော် ကြည်ညိုကြတဲ့ ဘုရားဖူးပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာလည်း ကြည်နူးပီတိတွေဖြစ်နေကြတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ရင်ပြင်တော်ပေါ်မှာ တည်ဆောက်ထားတဲ့ သာသနိကအဆောက်အဦတွေ၊ မြန်မာမှုအနုပညာလက်ရာတွေ၊ ဗိသုကာပညာတွေက တကယ်ပဲ အံ့မခန်းပညာတွေနဲ့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ မြန်မာမှု၊ မြန်မာ့လက်ရာတွေနဲ့ အခုလို ပုံဖော်ဖန်တီးပြီးတော့ တည်ဆောက်ထားတဲ့အတွက် အံ့ဩရသလိုဝမ်းသာဂုဏ်ယူ ဖြစ်မိပါတယ်။ နောင်အခါမှာလည်း ကျွန်တော်တို့လို မြန်မာနိုင်ငံမှာနေကြတဲ့ ပုဂ္ဂိုလ်တွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဒီမာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို တစ်ခါ တစ်ခေါက်လောက်ဖြစ်ဖြစ် လာရောက်ဖူးမြော်ကြည်ညိုကြဖို့နဲ့ အသိပညာ၊ အတတ်ပညာတွေကို လေ့လာဖို့ပဲဖြစ်ဖြစ် လာရောက်ကြပါလို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။

ကျွန်တော်တို့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီပေးမှု၊ မြို့နယ်မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ကူညီပေးမှုတို့နဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို ဖူးမြော်ကြည်ညိုခွင့်ရတဲ့အတွက် အင်မတန်ကြည်နူးပြီး ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ ခံစားရပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကိုလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

သတင်းစဉ်