နေပြည်တော် ဖေဖော်ဝါရီ ၄
ဒုတိယအကြိမ် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ တာဝန်ခံများအတွက် အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံမှ အာဆီယံအတွင်းရေးမှူးရုံးနှင့်ပူးပေါင်း၍ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်က ယနေ့ကမ္ဘာ့ နိုင်ငံအများစုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း၏ စွမ်းအားဖြင့်ဆောင်ရွက်၍ မရဘဲနိုင်ငံအားလုံး အတူတကွပူးပေါင်းဆောင်ရွက်မှုသည်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယနေ့ကျင်းပ သည့် ဆွေးနွေးပွဲသည် တရားမဝင်မူးယစ်ဆေးဝါးများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများကို ခိုင်မာလာ စေနိုင်သည့်အပြင် ဒေသတွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဘေးကင်းလုံခြုံသော လူမှုအဖွဲ့အစည်းဖြစ် စေရေးမူးယစ်ဆေးဝါးဆန့်ကျင် ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်စေမည်ဟုယုံကြည်ပါ ကြောင်း၊ အာဆီယံဒေသအတွင်း တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် တက်ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း တိုက်တွန်းပါကြောင်း၊ ဒေသတွင်းရင်ဆိုင်နေရသော မူးယစ်ဆေးဝါးအန္တရာယ်များနှင့် စိန်ခေါ်မှုအခက်အခဲများကို အတူတကွပူးပေါင်းရင်ဆိုင် ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေး မှူးရုံးနှင့် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်