Skip to main content

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာတို့ကို လုံခြုံရေးတပ် ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၄

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးနေသည့်အတွက် ၎င်းကျေးရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ချန်းပြန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ နယ်မြေခံပြည်သူများ၏ ပြောကြားချက်များနှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်များအရ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ပါကြောင်း၊ ၎င်းရက်နေ့တွင် နဂါးကျေးရွာနှင့်အနီးပတ်ဝန်းကျင်များတွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရပါသည်။ အလားတူ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာအနီးတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁ ရက်နေ့က သွားရောက်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားမှုမှလည်း လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများ၏ နိုင်ငံအားအလုံးစုံပျက်သုဉ်းရေးအတွက် သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာလုပ်ကြံရေးသားပြီး ပြည်သူများအား သတင်းအဆိပ်ခတ် ဖြန့်ဝေလျက်ရှိရာ ၎င်းတို့၏လုပ်ကြံသတင်းအမှားများအပေါ် ပြည်သူများအထင်အမြင်လွှဲမှားမှုမရှိစေရန်အတွက် နိုင်ငံပိုင်သတင်းဌာနများနှင့် သတင်းစာများတွင် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။