ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၄-၁-၂၀၂၄) ရက်နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် (၉-၁၀-၂၀၂၃) ရက်နေ့မှ (၂၂-၁၂-၂၀၂၃) ရက်နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ်တစ်ဦး၊ မဂ္ဂဇင်းနှစ်ဦးနှင့် အထွေထွေ ၃၇ ဦး ပေါင်း ၄၀ ဦး ကိုလည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူတစ်ဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၃၈၀ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၀၇ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၄၈၅ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန