Skip to main content

ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁

ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ စုစုပေါင်း ၄၀ တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ ဘုရားဖူး ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရား ဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ကယားပြည်နယ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ရင်တွင်းစကားသံများအား ယခုလို ကြား သိခဲ့ရပါတယ် -

ကျွန်တော်တို့မြန်မာနိုင်ငံမှာ တန်ခိုးကြီးဘုရားတွေများစွာရှိတဲ့အထဲမှ ကမ္ဘာမှာ ဉာဏ်တော်မြင့်ဆုံး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူပါတယ်။ ပထမဆုံး ကျွန်တော်တို့ကို ဂေါပကရုံးမှာ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အသေးစိတ်တည်ဆောက်ပုံကို သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ အခုဒီမှာ လူတစ်ထောင်ကျော်ဆံ့တဲ့ ဗိမာန်တော်ကြီးကို လေ့လာခွင့်ရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်။ တော်တော်လေးလည်း ထူးထူးခြားခြား တည်ဆောက်ထားတာကို တွေ့ရတဲ့အတွက်ကြောင့် နိုင်ငံသားတစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူပါတယ်။

ကျွန်မကတော့ ကယားပြည်နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့အနေနဲ့ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ရုပ်မြင် သံကြားနဲ့ အွန်လိုင်းပေါ်မှာတော့ တွေ့မြင်နေရတာကြာပါပြီ။ လက်တွေ့ဖူးမြော်ချင်နေတာလည်း ကြာပါပြီ။ အခုလိုအပြင်မှာ ကိုယ်တိုင်းကိုယ်ကျ ဖူးမြော်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ မော်ကွန်းတိုက်မှာဆိုရင်လည်း ပုံစံငယ်တွေကို ခင်းကျင်းပြသထား တာကိုလည်း တွေ့ရပါတယ်။ ဘုရားကြီး တည်ဆောက်ပုံအဆင့်ဆင့်ကို ဂေါပကအဖွဲ့က အသေးစိတ် ရှင်းပြတဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ အခုလို လာရောက်လေ့လာနိုင်အောင် စီစဉ်ပေးတဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။

ကျွန်မကတော့ ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့ကနေ လေ့လာရေးခရီးစဉ်ကို ပါလာတာဖြစ်ပါတယ်။ ပထမဦးစွာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော် ပြီးပါပြီ။ နောက်ပြီး မော်ကွန် တိုက်ကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောက်စာရုံစေတီ တွေကိုဖူးမြော်ရင်း ကျောက်စာတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးပြည်သူများကိုလည်း ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ။

သတင်းစဉ်