နေပြည်တော် ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ အိုက်စ် (မက်သ်အဖက် တမင်း) ၄၈ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၈) ရပ်ကွက် ဝေဇယန္တာ လမ်းမပေါ်တွင် တင့်ဇော်မောင်းနှင်ပြီး မိုးနိုင်စိုး (ခ)ရွှေသီးနှင့် မနဝရတ်ထွန်းတို့ လိုက်ပါလာသည့် Ford Everest မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိတရားခံတင့်ဇော်နှင့် နဝရတ်ထွန်းတို့ နေထိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၉)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀ ကိုလည်းကောင်း၊ တင့်ဇော်ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၂)ရပ်ကွက် သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်းအတွင်းရှိ Toyota Alphard ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀ ကီလိုကိုလည်းကောင်း၊ ထပ်မံ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၅၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ၅၀ ကီလိုသိမ်းဆည်းရမိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေယျာ ညွန့် (ခ) ကျော်ဇေယျ(ခ)ကြောင်ပူအား တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် အနောက်မြို့ရှောင်လမ်းရှိဟိုတယ်တွင် ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်၍ ခေတ္တသိုလှောင်ထားရှိကာ ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်