Skip to main content

နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဖေဖော်ဝါရီ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန် အမှတ် (၃) အတွင်း နုန်းသဲများပို့ချမှုကြောင့် တိမ်ကောလာသည့်အတွက် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ Amphi-bious၊ Excavatorနှင့် မြေသယ်ယာဉ်များ အသုံးပြုပြီး နုန်းတူးဖော်ဆယ်ယူစွန့်ပစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး အများပြည်သူများ အပန်းဖြေနားနေနိုင်ရန် ကန်ပတ်လည် သာယာလှပရေးနှင့် ရေပြင်ကြည်လင်သန့်ရှင်းရေးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ သတ်မှတ်ရေအနက်ရရှိအောင် ဆောင်ရွက်ရန်နှင့် ကန်အတွင်းမှ ဆယ်ယူစွန့်ပစ်သည့်နုန်းမြေများကို မြို့သာယာလှပရေးအတွက် စိုက်ပျိုးထားရှိသည့် သစ်ပင်ပန်းမန်များတွင် မြေဩဇာအဖြစ် စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသအတွင်းဆီ ဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံးစေရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များ တည်းခိုနေထိုင်မည့် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းသို့ သွားရောက်၍ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်း၊ တည်းခိုဆောင်များနှင့် စားရိပ်သာဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်