Skip to main content

နတ်တလင်းမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် ယောက်ျားကြီး ငါး၊ ငါးပိထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME  လုပ်ငန်းများကို  အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ယောက်ျားကြီးအမှတ်တံဆိပ် ငါး ငါးပိထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးကျော်လင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။   ။ ယောက်ျားကြီး ငါး ငါးပိလုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို ရှင်းပြပေးပါ။

ဖြေ။   ။ ယောက်ျားကြီး ငါး ငါးပိ ကတော့ မိဘ၊ ဘိုးဘွား အစဉ်အဆက် နှစ်ပေါင်း ၅၀ ကျော် လောက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မိဘတွေလက်ထက်တုန်းက ကိုယ်တိုင်စပ်ပြီးတော့ ပေါင်းတည်ဈေးထဲမှာ ကိုယ်တိုင်စတင်ရောင်းချခဲ့ပါတယ်။ ဝယ်ယူစားသုံးတဲ့သူတွေက ယောက်ျားကြီးတစ်ယောက် ထိုင်ရောင်းတဲ့ ငါးပိက စားလို့လည်းကောင်းတယ်၊ ဝယ်စားရတာ အဆင်ပြေတယ်ဆိုပြီး ဝယ်ယူစားသုံးသူများလာတော့ နာမည်ကို ယောက်ျားကြီး ငါး ငါးပိလို့ပဲ နာမည်ပေးခဲ့ကာ အခုအချိန်အထိ အဲဒီနာမည်ကို ဆက်လက်အသုံးပြုဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

မေး။   ။ လက်ရှိဈေးကွက်မှာ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ ငါး ငါးပိအမျိုးအစားကိုသိပါရစေ။

ဖြေ။   ။ ကျွန်တော်တို့ဆီမှာတော့ ငါးစင်ရိုင်းပါတဲ့ သုံးမျိုးစပ်ငါး ငါးပိနဲ့ ငါးကြီးငါးပိလို့ခေါ်တဲ့ ငါးရံ့ ငါးပိကို အဓိကထားပြီး ရောင်းချပါတယ်။ သုံးမျိုးစပ်ငါးမှာဆိုရင် လေး၊ ငါးမျိုး လောက်ခွဲထားပြီး ၂၅ ကျပ်သား၊ ၅၀ ကျပ်သား၊ ၇၅ ကျပ်သား၊ တစ်ပိဿာနဲ့ ပိဿာ ၅၀ လောက်ထိအောင် တခြားနေရာတွေကို သယ်ယူပို့ဆောင်ရလွယ်ကူအောင် ဘူးတွေကိုပါကင်ပိတ်ပြီး ထုပ်ပိုးမှုစနစ်ကောင်းကောင်းနဲ့ လေလုံ မိုးလုံဖြစ်အောင် ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ အနီးအနားပတ်ဝန်းကျင်က လာဝယ်မယ်ဆိုရင်လည်း အလေးချိန်နဲ့ ရောင်းချပေးပါတယ်။

မေး။   ။ လက်ရှိ ဈေးကွက်အတွင်း ရောင်းချပေးရာမှာ ငါး ငါးပိ အမျိုးအစားအလိုက် ဈေးနှုန်းလေးတွေကို သိပါရစေ။

ဖြေ။   ။ ကျွန်တော်တို့ ယောက်ျားကြီး ငါး ငါးပိအမျိုးအစားအလိုက် ဈေးနှုန်းကတော့ ၂၅ ကျပ်သားဘူးကို ငွေကျပ် ၂၀၀၀၊ ၅၀ ကျပ်သားဘူးကို ငွေကျပ် ၃၅၀၀၊ ၇၅ ကျပ်သားဘူးကို ငွေကျပ် ၄၅၀၀၊ တစ်ပိဿာဘူးကတော့ ငွေကျပ် ၅၅၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်။ ငါးပိဿာနဲ့အထက် ဝယ်ယူမယ်ဆိုရင်တော့ တစ်ပိဿာကို ငွေကျပ် ၃၈၀၀ နှုန်းနဲ့ရောင်းချပေးနေပါတယ်။

မေး ။  ။ ဘယ်လိုကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုတာလဲဆိုတာ ဝယ်ယူစားသုံးသူတွေ သိရှိစေဖို့ မျှဝေပေးစေချင်ပါတယ်။

ဖြေ။  ။ ကျွန်တော်တို့ ငါး ငါးပိကို အဓိကထား စလုပ်တာကတော့ ငါးအမျိုးအစားလေးမျိုး၊ ငါးမျိုး လောက်ပါဝင်ပါတယ်။ အဓိကကတော့ ငါးပြား၊ ငါးနက်၊ ငါးစင်ရိုင်း၊ ငါးဖျင်းသလက် ဒီလေးမျိုးကတော့ အဓိကထားပြီး ထုတ်လုပ်ပါတယ်။ ငါးကြီးငါးပိလို့ခေါ်တဲ့ ငါးရံ့ငါးပိကို သီးသန့်ထုတ်လုပ်ပြီးတော့ ရောင်းချပါတယ်။

မေး။  ။ ငါး ငါးပိ ဖြန့်ဖြူးရောင်းချမှု အခြေအနေနဲ့ ဘယ်လိုနေရာတွေမှာ တင်ပို့ရောင်းချနေသလဲ ဆိုင်ခွဲဘယ်နှဆိုင် ဖွင့်လှစ်ထားရှိပါသလဲနဲ့ ဆိုင်လိပ်စာလေးတွေကိုလည်း သိပါရစေ။

ဖြေ။  ။ ကျွန်တော်တို့ ပင်မဆိုင်ကို နတ်တလင်းမြို့ ရွာမရပ်ကွက် မေတ္တာလမ်းမှာရှိပြီး ပင်မဆိုင်မှာလည်း ရောင်းတယ်၊ ရန်ကုန် - ပြည်လမ်းမှာ ဖွင့်ထားတဲ့ဆိုင်မှာလည်း ရောင်းချပါတယ်။ Online ကတစ်ဆင့်ရောင်းချပြီး တစ်နိုင်ငံလုံးကို အိမ်အရောက် ပို့ဆောင်ပေးတာတွေရှိသလို ကားဂိတ်တွေကနေလည်း ပို့ဆောင်ပေးတာတွေရှိပါတယ်။ ရန်ကုန်မှာဆိုရင်လည်း မြောက်ဥက္ကလာဆိုင်ခွဲကနေပြီးတော့ စတင်ဖြန့်ဖြူးရောင်းချပေးပြီး ပင်ရင်းဆိုင်တွေကတော့ ပေါင်းတည်၊ နတ်တလင်း၊ ရန်ကုန်၊ နေပြည်တော်တို့မှာရှိပြီး တခြားကိုယ်စားလှယ်ခွဲ ဆိုင်တွေကတော့ တစ်နိုင်ငံလုံးနီးပါး ဖြန့်ဖြူးထားတာတွေ ရှိပါတယ်။

မေး။  ။ ငါး ငါးပိလုပ်ငန်းလည်ပတ်မှုအတွက် ဝန်ထမ်းဦးရေဘယ်လောက်ရှိပါသလဲ သိပါရစေ။

ဖြေ။  ။ ငါး ငါးပိလုပ်ငန်း လည်ပတ်မှုနဲ့ပတ်သက်ပြီးတော့ အဓိကလှုပ်ရှားနေတဲ့ ဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့ ပင်မဆိုင်မှာ ဝန်ထမ်း ၂၈ ဦး ရှိပါတယ်။

မေး။  ။ နိုင်ငံတော်က အခုလို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရာမှာ ယောက်ျားကြီး ငါး ငါးပိလုပ်ငန်းအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်နေမှုကိုလည်း သိပါရစေ။

ဖြေ။  ။ ကျွန်တော်တို့ ယောက်ျားကြီး ငါး ငါးပိလုပ်ငန်းဆိုရင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းမှာ မှတ်ပုံတင်ထားရှိပြီး နိုင်ငံတော်က MSME ချေးငွေထုတ်ချေး ပေးတဲ့အတွက် လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ယောက်ျားကြီး ငါး ငါးပိစားသုံးကုန်တွေကိုလည်း တိုင်းဒေသကြီးအဆင့် ကုန်စည်ပြပွဲတွေမှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ခင်ကျင်းပြသပေးနိုင်ခဲ့ပါတယ်။ ။

တွေ့ဆုံမေးမြန်း - ထားထားဦး(ပြန်/ဆက်)၊ ဓာတ်ပုံ - ဝေယံဖြိုး (ပြန်/ဆက်)