Skip to main content

ဒဂုံမြို့သစ်မြို့နယ်များနှင့် သာကေတမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၃၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၃) ရပ်ကွက် ရွှေဝါထွန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်ရေး တစ်ပါတည်းဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၁၆) ရပ်ကွက် ပြည်ထောင်စုလမ်း မြို့ဦးစေတီရှေ့ ဆရာစံလမ်းနှင့် မီးရထားသံလမ်းကြား ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းရန် စက်ယန္တရားများဖြင့် မြေသားပြုပြင်ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေဧရိယာ ၁၈၇ ဒသမ ၃ ဧကကျယ်ဝန်းသည့် သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site-FDS) တည်ဆောက်ရေးစီမံကိန်းဝင်းအတွင်း အမှိုက်ကန် တည်ဆောက်နေမှုနှင့် ပဲတီစိမ်းငါးဧကနှင့် နွေစပါး (နှံကောက်) ခုနစ်ဧကစိုက်ပျိုးထားရှိမှု၊ သာကေတမြို့နယ် မြင်တော်သာလမ်းတွင် တည်ဆောက်လျက်ရှိသည့် ရေအရည်အသွေးစီမံခန့်ခွဲမှု ဗဟိုဓာတ်ခွဲခန်း အဆောက်အအုံတည်ဆောက်ခြင်းစီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်