Skip to main content

မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာနှင့် ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာတို့ကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၃၀

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို တပ်မတော်မှ ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာကို ဝင်ရောက်၍ နေအိမ်များအတွင်းရှိ ပစ္စည်းများဝင်ရောက် လုယက်ယူဆောင်၍ နေအိမ်အချို့အား မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် ထန်းပင်လှကျေးရွာအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာက နေအိမ်တွေကို တပ်မတော်က ဇန်နဝါရီ ၂၇ ရက်နေတွင် ဒုတိယအကြိမ် မီးရှို့ခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများက ဇန်နဝါရီ ၂၄ ရက်နေ့တွင် ၎င်းကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့တွင်လည်း နတ်ရေတွင်းကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ရှိ အဖိုးတန်ပစ္စည်းများ၊ စားစရာများကို ယူဆောင်၍ ဒုတိယအကြိမ် မီးရှို့ခဲ့ခြင်းကြောင်းသိရှိရပြီး အဆိုပါကျေးရွာအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့၊ ရွာများရှိ လူနေအိမ်အဆောက်အဦးများကို အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးလုပ်ဆောင်လျက်ရှိပြီး ၎င်းလုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားကာ သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။