နေပြည်တော် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆမ်ဆိုင်း (က) ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင်လက်နက်ကိုင်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားငါးဦးတို့ကို ပစ္စတိုသေနတ် လေးလက်၊ ၎င်းကျည်အိမ် ခုနစ်ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားနှစ်ဦးမှာ ပီကျိုင်း (ခ) ပန်နဝစ်ပက်ထွန် (ခ) ကိုးကယ် (ခ) စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ တာချီလိတ် ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားငါးဦးသည် ကျော်အေးထွန်း (ခ) ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ်တို့ဖြစ်ပြီး ယင်းတို့အနက် ကျော်အေးထွန်း (ခ) ကျော်ထွန်းအေးသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
