နေပြည်တော် ဇန်နဝါရီ ၂၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လားရှိုးမြို့ မြို့ရှောင်လမ်းအနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၁၂ စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း Wheel Rim with Tyre ၄၈ လုံး၊ ကလေး စီး ရှူးဖိနပ် အရန် ၆၀၀၊ တရုတ်စာတန်းပါ ပိုးသတ်ဆေး ၈၈၀ ကီလိုဂရမ်၊ Wipes Tissue ၇၂၀၀ ကီလိုဂရမ်၊ Water Steri-lizer ၁၀၀၊ ဖုန်းအပိုပစ္စည်း Phone Back Body ၆၀၀၊ ကလေးစီးအားကစား ဖိနပ်အရန် ၆၅၀၊ Pesticide ပိုးသတ်ဆေး ၃၉၀ ကီလိုဂရမ်၊ Walking Shoe ဖိနပ် အရန် ၃၂၀၊ Men Short Pant ဘောင်းဘီ အထည် ၆၀၀၊ LED Square Light မီးသီးအလုံး ၂၀၀၀၊ Total Station Survey Instrument တစ်ခု၊ Taizhou Yiku Electric Scooter တစ်စီးအပါအဝင် ကုန်ပစ္စည်း ၃၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၁၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Joy Long Hiace နှစ်စီး၊ Toyota Hiace ငါးစီး၊ Toyota Wish နှစ်စီး၊ Toyota Alphard တစ်စီး၊ Toyota Granvia တစ်စီး၊ ISUZU Station Wagon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၂၁၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် မုံရွာမြို့ မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan Wingoad မော်တော်ယာဉ်တစ်စီးနှင့် Toyota Lucida မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုဒီယမ်ဆိုင်ရာနိုက် ၁၆၉၀ ကီလို ဂရမ်၊ Hydrogen Peroxide ၄၅၀လီတာ အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၃၀၁၈၀၀) ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၀၁၈၀၀ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၄၀၁၈၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်