ရာမည-သွေးမွန်
မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီပွဲတော်များကို အစဉ်လာမပြတ် ကျင်းပလျက်ရှိသည်။ ဤသို့ ကျင်းပရခြင်းသည်ကား အပျော်အပါးသက်သက်မဟုတ်။ မိမိတို့နိုင်ငံတွင် စွယ်စုံပညာရှင်များ ပေါ်ပေါက်ထွန်းကားလာစေရေး၊ နိုင်ငံ့ကာကွယ်ရေး မျက်နှာစာမှစစ်ရေးစစ်ရာ ကျွမ်းကျင်လိမ္မာသော စစ်သည်သူရဲကောင်းများ အမြောက်အမြား ပေါ်ပေါက်လာစေရေး၊ တိုင်းကားပြည်ရွာ စည်ပင်သာယာလာစေရေးစသော အကျိုးအာနိသင်များကို မျှော်ကိုးလျက် ယင်းသို့သော ဆန္ဒမွန်များကို အကောင်အထည်ဖော်ရန် ကျင်းပကြခြင်းဖြစ်ပေသည်။
သာဓကအားဖြင့် ပြာသိုလ မြင်းခင်းသဘင်ပွဲသည် ကြည်းတပ်မတော်၏ ဆင်၊ မြင်းသူရဲကောင်း ရွေးချယ်ဖော်ထုတ်ပွဲဖြစ်သည်။ ခြေလျင်သူရဲနှင့် လေးသည်တော် စစ်သည်တို့၏ စစ်ရေးစွမ်းရည် အင်အားနှင့် စစ်ပညာအရည်အသွေးတို့ကို ထွန်းပြောင်လာအောင် မြေတောင်မြှောက်ပေးသောပွဲ ဖြစ်သည်။ ဘာသာရေးအခြေခံပွဲများသည်လည်း အလားတူပင်ဖြစ်သည်။ မိမိယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓသာသနာ၏ အန္တိမရည်မှန်းချက် ဘဝကူး ဖြောင့်တန်းမှန်ကန်၍ အဆုံး၌နိဗ္ဗာန်ရောက်ကြောင်းတရားများ လမ်းစဖော်နိုင်သော ပွဲများလည်း ဖြစ်သည်။ ဤဘာသာရေးပွဲတော်များကြောင့် သာသနာ့အာဇာနည်များ မိမိတို့နိုင်ငံတွင် များစွာပေါ်ထွန်း ခဲ့သည်ကို သိထားကြရပေမည်။
ကိုလိုနီဘဝက တိမ်မြုပ်ပျောက်ကွယ်ခဲ့သော ပွဲတော်များလွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်း ပြန်လည်ရရှိခဲ့သည့် နောက်ပိုင်းတွင် အချို့သောပွဲတော်များကို ကျင်းပလာနိုင်ခြင်းလည်းဖြစ်သည်။ ထိုသို့ဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုရှုထောင့်မှ လပြာသို၏ သမိုင်းကြောင်းကို ဆိုရသော်-
မြန်မာမှုအလို လပြာသို
ပုဂံခေတ်ကျောက်စာ၌ ပြာသိုလဟူသည်ကို ပ္လသိုဝ်ဟုလည်းကောင်း။ ပ္လါသိုဝ်ဟုလည်းကောင်း ရေးထိုးခဲ့ကြသည်။ ထိုစာလုံးနှစ်မျိုးလုံးထဲက ရေးချမပါဘဲ ပိုမိုသုံးစွဲခဲ့သည်ကို တွေ့ရသည်။ သက္ကရာဇ် ၈၀၀ ကျော်နောက်ပိုင်း ဗျည်းများတွင် ‘လ’နှင့် ယှဉ်၍ရေးသားသည်မှာ တိမ်ကောလာကာ က၊ ခ တို့၌ ‘လ’ယှဉ်သံတို့သည် ယပင့်သံ ကျ၊ ချ တို့သို့ လည်းကောင်း။ ပ၊ ဖ၊ မ တို့နှင့် ‘လ’ ယှဉ်သံ တို့သည် ရရစ်သံ ပြ၊ ဖြ၊ မြတို့သို့လည်းကောင်း ယေဘုယျအားဖြင့် ရွေ့လျောသွားသည်။ သို့ဖြစ်၍ ပုဂံရေးထုံး ပ္လသိုဝ်၊ ပ္လါသိုဝ် တို့သည်လည်း နောက်ပိုင်းခေတ်တွင် ပြသိုဝ်၊ ပြာသိုဝ်ဘဝသို့ ရောက်သွားတော့သည်။
ပြာသိုလဟူသည်မှာ ဖယောင်းလ၊ ပျားဖယောင်းလ၊ ပျားဖယောင်းများစု၍ အရနိုင်ဆုံးလဟု ဆိုရပေမည်။ ရှေးအခါက ညအမှောင်ကို ဖြိုခွင်းနိုင်သောစွမ်းအင်ကို နည်းပညာပါးလျားသဖြင့် ဖယောင်းကိုသာ အားထားခဲ့ကြရသည်။ ဖယောင်းကိုရယူရာ၌လည်း ပျားသတ္တဝါမှထုတ်ယူရရှိသော ဖယောင်းကိုသာ အားထားကြရသည်။ သို့ဖြစ်၍ ပျားဖယောင်းရရှိရေးသည် မည်မျှအရေးပါသည်ကို နားလည်ကြပါလိမ့်မည်။ ထို့ကြောင့်လည်း ပျားဖယောင်းများ အများဆုံးရနိုင်သောလကို ‘ပြာသိုလ’ဟူ၍ သမုတ်ခဲ့ဟန်ရှိကြောင်း ယူဆရပါသည်။
လပြာသို ဆောင်း
မဟာအတုလမင်းကြီး၏ ‘မြူနှင်းစိုစိုလပြာသို’ ကဗျာကို အနုသုခုမဝါသနာရှင်များ အမှတ်ရပေလိမ့်မည်။ ဤသို့သော ရာသီကာလတွင် “လှံရင်မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာခံသောခါ”ဟု ဆိုပေရာ ရှေးမြန်မာ့တပ်မတော်၏ စစ်ရေးစစ်ရာ ကျွမ်းကျင်လိမ္မာကြသော သူရဲကောင်းတို့က ကိုယ်ရည်ကိုယ်သွေးကို လူရှေ့သူရှေ့ မင်းပရိသတ်ရှေ့ ချပြခွင့်ပေးသော ပွဲတော်ကြီးပေတည်း။ တစ်နည်းအားဖြင့် ရွက်ပုန်းသီးသူရဲကောင်းများ မွေးထုတ်ပေးသောပွဲဟု ဆိုနိုင်သည်။
“မီးပူပူ ကင်မဝသည့်၊ လပြာသိုဆောင်း၊ ထည်ပေါင်းမှ ထောင်ရာ၊ ခြုံလေအေးလေ၊ ကြက်သီးတွေနှင့်”ဟု စာဆိုမယ်ခွေက ဤကာလ၏ ချမ်းအေးမှုရသကို ဖွဲ့ဆိုခဲ့သည်။ ယင်းချိန်ခါတွင်ပင် ကောင်းကင်ပြင်သည် မိုးတိမ်များကင်းရှင်း၍ အလွန်သန့်စင်နေတတ်ပါသည်။ နေဝင်သည်နှင့် တစ်ပြိုင်နက် မိမိတို့ဝန်းကျင်တစ်ခို မြူနှင်းတို့ စွတ်စွတ်စိုလာသည်။
ဤရာသီ၏ ချိန်ခါသမယတွင်တောင်သူတို့ နှမ်းပင်များကိုနုတ်ပြီး စုပုံထားချိန်၊ နှမ်းစည်းများကို အစီအရီ ထောင်ထားကာ နေခြည်ကိုငံ့လင့်ချိန် ဖြစ်၏။ နေခြည်နွေး၏ အထွေးအပွေ့ရသည်နှင့် နှမ်းခါရပေတော့မည်။ သို့မှလည်း နှမ်းစေ့နှမ်းဆန်များ သွေ့ခြောက်လာမည်။ သို့ဖြင့် နှမ်းထောင်၍ နေလှန်းသောအခါ အသီးများအက်ကွဲကာ အတွင်းမှ နှမ်းစေ့များ ထွက်လွယ်မည်။ ထို့ကြောင့် နှမ်းပုံချိန်၊ နှမ်းထောင်ထားချိန်တို့၌ နေ၏အပူ၊ အကူကို တောင့်တကြရသည်။ မိုးမင်းက အဆိုးဉာဉ်ရောက် ဗွေဖောက် အဖျက်ရောက်သော် တောင်သူတို့ ရင်ကျိုးရချေမည်။ ဤသည်ကို ပြာသိုလမှာရွာသော မိုးကို “ပြာသို ချမ်းပြင်း၊ ဆီးနှင်းရောယှက် ၊ နှမ်းပုံဖျက်”ဟု မိုးလင်္ကာအရ နှမ်းဖျက်မိုးဟု ဆိုသည်။
ပြာသိုလရာသီပန်းသည်ကား ခွာညိုပန်း။ ပုစွန်တာရာ ထွန်းပသဖြင့် ထိုလတွင် မြန်မာမင်းတို့သည် နေပြည်တော်နန်းရင်ပြင်၌ စစ်သည်သူရဲကောင်းများ စစ်ရေးစစ်ရာ စွမ်းရည်ပြသပွဲ၊ သူရဲကောင်း ရွေးချယ်ပွဲများ ကျင်းပလေ့ရှိသည်။ ယင်းသို့သော ပွဲများအနက် မြင်းခင်းသဘင်ကို ရာသီပွဲတော်အဖြစ် ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိသည်။
တစ်ခုသတိပြုမှတ်သားကြရမည်မှာ ပြာသိုလပွဲတော်သည် အခြားသောလ ပွဲတော်များနှင့်မတူ။ တစ်နေ့၊ တစ်ည သုံးလေးရက်မဟုတ်။ ရက်ပိုင်းမျှမဟုတ်။ ပြာသိုလ တစ်လလုံး ဖြစ်သည်။ ဆင်ခင်း၊ မြင်းခင်း၊ လေးမြား၊ ဓားခုတ်လှံထိုး၊ စက်ထိုး ဗလီခတ်၊ သေနတ်ပစ်နှင့် တုတ်သိုင်း၊ ဓားသိုင်း၊ လက်သိုင်းစသည်ဖြင့် စစ်ရေးစစ်ရာအသုံးချ စစ်သေနင်္ဂဗျူဟာ အကျုံးဝင်တိုက်ခိုက်ရေး ကိုယ်လုံပညာအစုံစုံ ကိုယ်ရည်ကိုယ်သွေး ထုတ်ဖော်ပြသည့် ပွဲကြီးပေတည်း။
မြင်းခင်းသဘင်ပွဲသည်ကား စစ်သည်တို့၏ သူရသတ္တိ၊ လက်ရုံးရည်ထူးချွန်သူတို့၏ ပြပွဲ၊ ပြိုင်ပွဲဖြစ်ပေရာ နန်းရပ်နယ်မြေ၌ သူကြီးသူကောင်းတို့က မိမိတို့၏ သားပျိုသမီးပျိုတို့အတွက် အိမ်ထောင်ဖက် မျက်စိကျ ရွေးကောက်ကြလေ့ရှိသည်။ နိမိတ်ပြ ပန်းအလှဆုပေး အရေးတယူပြုကြသောပွဲဖြစ်သည်။ တစ်နည်းဆိုရသော် မိမိတို့၏ သားကောင်းရတနာများကို နန်းရင်ပြင် နန်းမြေခြေချနိုင်ရေး ပြုစုပျိုးထောင်ထားသည်ကို မင်းဧရာဇ်တို့ရှေ့ ကိုယ်ရည်ကိုယ်သွေး ပြသပွဲဟုလည်း ဆိုနိုင်၏။
မင်း၊ မိဖုရားတို့က ကိုယ်တော်တိုင် ဆုလာဘ်များ ချီးမြှင့်သည့်ပွဲတော်ဖြစ်၏။ ဤသို့သော ပွဲမျိုးသည် အမျိုးသားကာကွယ်ရေးတွင် များစွာအကျိုးပြုပေသည်။ လူဦးရေသန်းပေါင်းရာထောင်ချီရှိနေသည့် နိုင်ငံကြီးတို့၏အကြားတွင် မိမိတို့မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ကျော် ကိုယ့်မင်းကိုယ့်ချင်းရပ်တည် နေထိုင်လာနိုင်ခဲ့သော အကြောင်းတရားများပေတည်း။
ယင်းသို့သော တိုင်းနိုင်ငံကာကွယ်ရေးအတွက် လူစွမ်းကောင်းများ သားစဉ်မြေးဆက်အဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးသည် မိမိတို့၏ပွဲလမ်းသဘင်များကျင်းပရေး၏ အရင်းအမြစ်ကျနေသည်ကို မမေ့လျော့သင့်ပါ။ ဗြိတိသျှနယ်ချဲ့တို့၏ မြန်မာများကျွန်သက်ရှည်ရေး မဟာဗျူဟာကျကျ ကိုလိုနီဘဝအစမှာပင်ယင်းပွဲလမ်းသဘင်များ ပိတ်ပင်တားမြစ်ခံရကာ နိဂုံးချုပ်ခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာမှသာလျှင် ပြန်လည်ကျင်းပလာ နိုင်ခဲ့သည်မဟုတ်ပါလား။
ရှင်တစ်ထောင်ပွဲ
သို့ဖြင့် ဘာသာရေးနှင့်ယှဉ်၍ အမှတ်ရစရာ ‘ရှင်တစ်ထောင်’ သမိုင်းကိုအကျဉ်းမျှ ပြောလိုပါသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် ဗုဒ္ဓရှင်တော်မြတ် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည်။ ထိုမှ ပထမဝါ လွန်မြောက်စဉ်ကာလ၌ ဘုရားရှင်ကရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် ဥရုဝေလတောသို့ ကြွတော်မူ၏။ ထိုနေ့သည်ကား တန်ဆောင်မုန်းလပြည့်နေ့မှ ပြာသိုလပြည့်နေ့အထိဖြစ်သည်။ နေ့ဝါဆို- ညပြာသို ဆိုသည့်အတိုင်း ပြာသိုညတာသည် ရှည်လျားလှစွာဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် ရှည်လျားလှသည်ဆိုသည့် ထိုည၌ ဥရုဝေလတောတွင် အချမ်းအအေးဒဏ်ကြံ့ကြံ့ခံကာ သီတင်းသုံးတော်မူပြီး ဥရုဝေလကဿပညီနောင်တို့အား တန်ခိုးတော်ပြ၊ ဓမ္မပရိယာယ်ဝေဝုစ်ဖြင့် အာဒိတ္တပရိယာယ သုတ္တန်တရားတော်ကို ဟောကြားတော်မူ၏။
ဗုဒ္ဓ၏ အဆုံးအမအောက်သို့ ဥရုဝေလ ကဿပဦးဆောင်သောရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီကဿပဦးဆောင်သော ရသေ့ ၃၀၀ နှင့် ညီငယ်ဂယာကဿပ ဦးဆောင်သော ရသေ့ ၂၀၀ စုစုပေါင်း ရသေ့ ၁၀၀၀ တို့အား စည်းရုံးသိမ်းသွင်းအောင်နိုင် ခဲ့သည်။ အယူလမ်းမှန် ညွှန်ပြနိုင်ခဲ့သည်။
ထိုတောတွင် ပဉ္စဝဂ္ဂီ ငါးဦး၊ ယဿသတို့သားနှင့် ညီနောင်သုံးကျိပ်တို့ကိုလည်း တပည့်သာဝကများအဖြစ်သို့ ရောက်စေခဲ့သည်။ လူဦးရေအများဆုံး တစ်ချိန်တည်း သိမ်းသွင်းနိုင်ခဲ့ခြင်းအတွက် ဘုရားရှင်၏ သာသနာပြုကာလတွင် အရေးပါသောအောင်ပွဲ၊ အသိအမှတ်ပြုရမည့်အောင်ပွဲဟု ဆိုရပါမည်။ ဤသည်ကိုရည်၍ ရဟန်းတော်တို့က လူတို့ကို တပည့်ဒါယကာ ဒါယိကာမများကို ရှင်တစ်ထောင်သမိုင်းကြောင်း ဟောကြားခြင်း၊ အာဒိတ္တ ပရိယာယသုတ်တော် ရွတ်ဖတ်သရဇ္ဈာယ် ခြင်းတို့ပြုလုပ်ကာ အခါတော်နေ့ ကျင်းပခဲ့ကြသည်။
မြန်မာလအမည်များစာအုပ်တွင် ပြာသိုလသည် ပျားဖယောင်းစု၍ အကောင်းဆုံး၊ အရဆုံးလဟူ၍ လည်းကောင်း၊ ဝေါဟာရလီနတ္ထဒီပနီအရ ဖုသျှ နက္ခတ်နှင့်ယှဉ်၍ လပြည့်သောလ (ပေါသီ၊ ပြောသီ=ပြာသို) ဟူ၍လည်းကောင်း၊ ဤကျမ်းမှာပင် အခြားသောလများထက် ပိုလွန်ချမ်းအေးသော လဟူ၍လည်းကောင်း၊ အချို့ပညာရှင်များက ပျားသွန်သောလ၊ မီးဖိုကပြာ မသွန်ကောင်းသော လဟူ၍လည်းကောင်း အမျိုးမျိုးအမှတ်အသားပြု မိန့်ဆိုခဲ့ကြပါကြောင်း ရေးသားလိုက်ရပါသည်။ ။