Skip to main content

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ တောတွင်းလက်တွေ့ဆောင်ရွက်သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသွားရမည်

နေပြည်တော် ဇန်နဝါရီ ၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ် ၅ သစ်တောသုတေသနစခန်း၊ မိုးစွေသို့သွားရောက်၍ တောတွင်းလက်တွေ့ ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ တတိယနှစ်နှင့်စတုတ္ထနှစ်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။

စာတွေ့လက်တွေ့ပေါင်းစပ်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သယံဇာတအရင်းအမြစ်များပေါကြွယ်ဝပြီး ကွဲပြားခြားနားသောဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများစွာရှိကြောင်း၊ သစ်တောများရေရှည်တည်တံ့ရေးနှင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ရရှိရေးအတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များစွာလိုအပ်ကြောင်း၊ ယခုတောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်မှ သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များကို စာတွေ့လက်တွေ့ပေါင်းစပ်ပြီး ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ တောတွင်းလက်တွေ့ကွင်းဆင်းရာတွင် Teamwork ဖြင့်ဆောင်ရွက်ရသဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှု၊ စုပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှုတာဝန်ခံမှု စသောအလေ့အကျင့်ကောင်းများကိုလည်း ရရှိလာစေမည်ဖြစ်ကြောင်း။

အထူးကြိုးစားလေ့လာဆောင်ရွက်

ယခုတောတွင်း လက်တွေ့ကွင်းဆင်းရာတွင် သစ်တော၏နှစ်စဉ်တောထွက်နှင့် အနာဂတ်တောထွက်ကို ခန့်မှန်းခြင်းအတွက် အရေးကြီးသော သစ်တောသယံဇာတစာရင်းကောက်ယူခြင်း၊ ကြိုးဝိုင်း/ကြိုးပြင် အကွက်နယ်နိမိတ်များ ကွင်းနင်းစစ်ဆေးခြင်း၊ ကျွန်း/သစ်မာ ပင်ထောင်မှတ်ရိုက်ခြင်း၊ ချန်ပင်စာရင်းကောက်ယူခြင်းနှင့် သစ်ထုတ်ခြင်းဆိုင်ရာလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများအနေဖြင့် အထူးကြိုးစား လေ့လာဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဘဝအတွေ့အကြုံများကို မျှဝေ

ဆက်လက်၍ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကျောင်းသားကျောင်းသူများကို ၎င်းတို့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဘဝအတွေ့အကြုံများကို မျှဝေပြောကြားသည်။

လိုအပ်သည်များ မှာကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ၏ သစ်တောသုတေသန ပျိုးဥယျာဉ်အတွင်း ပျိုးပင်များပျိုးထောင်ရေးအတွက် မြေဆွေးစပ်ခြင်း လက်တွေ့လုပ်ဆောင်နေမှုနှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၂ အတွင်း သဘာဝသစ်တောများမှ သစ်တောသယံဇာတစာရင်း ကောက်ယူတိုင်းတာခြင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။ အဆိုပါ တောတွင်းလက်တွေ့ကွင်းဆင်းမှုအား သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာဆရာမများ၏ ကြီးကြပ်မှုဖြင့် ကျောင်းသားကျောင်းသူ ၁၂၄ ဦး နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်