မုံရွာ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိထံ သင်တန်းသားသင်တန်းသူများအတွက် ငွေကျပ် ၁၂၂၄၅၀၀ အား ထောက်ပံ့ပေးအပ်သည်။
ရှင်းလင်းပြောကြား
ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာအခြေခံ သင်ကြားနေမှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမအတွင်းရှိ ပြခန်းငယ်၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းများအား တိုင်းဒေသကြီး အတွင်းရှိ ကလေး၊ ကသာ၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို မြို့နယ်များရှိ လူထုအခြေပြုဗဟို ဌာနများတွင် တစ်ပြိုင်နက်ဖွင့်လှစ် ခဲ့ကြပြီး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၉၂ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ တစ်လအကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါ ခရိုင်ခြောက်ခရိုင်၌ ကွန်ပျူတာအခြေခံသင်တန်းကို သုံးကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူစုစုပေါင်း၂၅၄ ဦးကို သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)