နေပြည်တော် ဇန်နဝါရီ ၂၁
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) (ရန်ကုန်)၊ ကလေးဆေးရုံကြီး (ရန်ကုန်)တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့် အတူဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ကြည့်ရှုကုသပေး
အဆိုပါ ခရီးစဉ်အတွင်းနှလုံး ဆေးကုသမှုဆိုင်ရာလူနာ ၁၇၃ ဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ ၆၇ ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၅၁ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆိုင်ရာ လူနာ ၇၅ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၉၅ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၇၉ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ ဆိုင်ရာလူနာ ၁၂၈ ဦး၊ အသည်း ရောဂါဆိုင်ရာ လူနာ ၆၆ ဦး၊ ကလေးကင်ဆာနှင့်ကလေးရောဂါ လူနာ ၁၄ ဦး၊ ကလေးဦးနှောက် နှင့်အာရုံကြောဆိုင်ရာ လူနာ ၁၂ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၆၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာလူနာ ၃၀၊ အရိုး ရောဂါလူနာ ၁၁၆ ဦး၊ သားဖွား မီးယပ်ဆိုင်ရာလူနာ ၁၂ ဦး၊ အရေ ပြားရောဂါဆိုင်ရာ လူနာ ၁၃ ဦး၊ အထွေထွေခွဲစိတ်လူနာ ၁၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၁၁၉ ဦးကို ကြည့်ရှုကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ပုသိမ်မြို့သာမက ငပုတောမြို့၊ ကန်ကြီးထောင့်မြို့၊ မြောင်းမြမြို့၊ သာပေါင်းမြို့အပါအဝင် အခြားမြို့နယ်ပေါင်း ၂၃ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၇၂ ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) ၁၁ ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) လေးဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၂၇ ဦး၊ သွေးချိုဓာတ်(HbA1C)တိုင်းတာခြင်း ၃၆ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၃၅ ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း ၂၀၇ ဦး၊ Ultrasound ရိုက်ကူးခြင်း ၇၅ ဦးနှင့် နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၁၇၅ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Vaccine) ၂၈ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့သည်။ ထို့ပြင် နှလုံးရောဂါဆိုင်ရာလူနာ သုံးဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာ လူနာတစ်ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ သုံးဦး၊ အထွေထွေရောဂါလူနာ တစ်ဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကြီးကြပ်ဆောင်ရွက်
အထူးကုဆေးကုသရေးအဖွဲ့ ခေါင်းဆောင် ပါမောက္ခဒေါက်တာ နွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု)သည် ပြည်သူ့ ဆေးရုံကြီး ပုသိမ်မြို့၌ ဖွင့်လှစ်ထားရှိသော နှလုံးကြပ်မတ်ကုသဌာန (Coronary Care Unit) နှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတို့ကို သွားရောက်ကြည့်ရှု၍ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည်များ အကြံပြုကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့တွင် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို တွေ့ဆုံ နှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်း၊ လာရောက်ပြသကုသမှုခံယူကြသောလူနာများကို ကြည့်ရှုအားပေးပြီး နေ့လယ်စာစားသောက်ဖွယ် ရာများဝေပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့်အတူ ညစာအတူသုံးဆောင်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။
ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကု ကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့နှင့်ယခု ပုသိမ်မြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်