Skip to main content

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၁

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ အိမ်ရှင်ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၉ ရက်၊ ၂၀ ရက်များတွင် ယူဂန်ဒါနိုင်ငံကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ရန်ဇိုရီကွန်ဗင်းရှင်း စင်တာ၌ ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Jeyhun Bayramov က ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် ယူဂန်ဒါသမ္မတ Mr. Yoweri Kaguta Museveni အား ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်နိုင်ငံများအားလုံးက တစ်ခဲနက်ရွေးကောက်တင်မြှောက်ခဲ့ကြပြီး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ဥက္ကဋ္ဌ တာဝန်အား အဇာဘိုင်ဂျန်နိုင်ငံက ယူဂန်ဒါနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ဆက်လက်၍ ဂျီ ၇၇ နှင့် တရုတ်အုပ်စု (G-77 and China) လက်ရှိဥက္ကဋ္ဌ ကျူးဘားနိုင်ငံ ဒုတိယသမ္မတ၊ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly) သဘာပတိနှင့် အာဖရိကသမဂ္ဂ (African Union) ကော်မရှင်ဥက္ကဋ္ဌတို့က မိန့်ခွန်းများ ပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးက ယခုကဲ့သို့ အရေးပါသည့် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် ယူဂန်ဒါအစိုးရနှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့် အဇာဘိုင်ဂျန်နိုင်ငံကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝမှုများ မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး” သည် ယနေ့ကမ္ဘာ၏ လက်ရှိအခြေအနေများအပေါ် ထင်ဟပ်မှုရှိသဖြင့် အထူးသင့်လျော်ပါကြောင်း၊ မိမိတို့ ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲခက်ခဲမှုများ အားလုံးကိုဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏စည်းလုံးညီညွတ်မှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့်ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာ ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင်ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် များပြားလှသည့် ကမ္ဘာ့ရေးရာ များနှင့်စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကသက်ဆိုင်သည့် အခန်းကဏ္ဍမှ ဆက်လက်ရပ်တည်နိုင်စေရေး မျှော်လင့်ပါကြောင်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကိုလည်း ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

အိမ်ရှင် ယူဂန်ဒါသမ္မတနှင့်ဇနီးတို့က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ “တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး” ကို ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိရာ၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့သည်။ ယခုကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉)ကြိမ်မြောက်ထိပ်သီးအစည်းအဝေး၌ တောင်ဆူဒန်နိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၁ နိုင်ငံ ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

သတင်းစဉ်