နေပြည်တော် ဇန်နဝါရီ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) သုံးစွဲသည့် ပြည်သူများအတွက် နည်းပညာ ပြန့်ပွားရေးဆိုင်ရာ အသိပညာပေးမှုများကို ဆက်စပ်ဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အတူ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပသည့် EV အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ကမ္ဘာကြီးရေရှည်တည်တံ့မှုကို စိန်ခေါ်မှုများ တွေ့ကြုံလာရပြီဖြစ်ရာ နိုင်ငံတကာတွင် လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များကို ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ပါရီသဘောတူညီချက်ဖြင့် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
EV နည်းပညာသင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများကို မွေးထုတ်လျက်ရှိပြီး တက္ကသိုလ်/ သိပ္ပံများတွင်လည်း လေ့ကျင့်သင်ကြားပေးရန် စီစဉ်ဆောင်ရွက် နေကာ EV သုတေသနများလည်း ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ(မူကြမ်း)ကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ EV သုံးစွဲမှုမှရရှိမည့် အကျိုးကျေးဇူးများနှင့် သုံးစွဲသူများက ဘေးအန္တရာယ်ကင်းရှင်းစွာ သတ်မှတ်စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး အသိပညာပေးရန်လိုအပ်ရာ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ EV ဆိုင်ရာ အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး အစီအစဉ်များကို ထိရောက်ပီပြင်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကို ဒေသထွက်လက်ဆောင်ပေးအပ်သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့သည် ဟောပြောပို့ချသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ EV နည်းပညာဆိုင်ရာ ခင်းကျင်းပြသထားမှုများတွင် စိတ်ပါဝင်စားစွာ လေ့လာလျက်ရှိသော ပြည်သူများ၊ ကျောင်းသားများကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ AGTI Society နှင့် GTHS Society မှ တာဝန်ရှိသူများ၊ Electric Vehicle တင်သွင်း/ အသုံးပြုသော ကုမ္ပဏီများ၊ Electric Vehicle Charging Station တည်ဆောက်နေသော ကုမ္ပဏီများ၊ Electric Vehicle ဆိုင်ရာ အာမခံကုမ္ပဏီများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကားပြင်အလုပ်ရုံကြီးများမှ ကိုယ်စားလှယ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်