Skip to main content

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဘုရားစေတီ(၁၁)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၇၂ ဦး၊ အုပ်ချုပ်သူ ၂ ဦးနှင့် နတ်တလင်းခရိုင်အတွင်းရှိ ဘုရားစေတီ(၈)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၃၇ ဦး၊ အုပ်ချုပ်သူ ၂ ဦး စုစုပေါင်း ၁၁၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။ 

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကိုပြသသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့်ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည် ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။
ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံ များအား ယခုကဲ့သို့ ကြားသိခဲ့ရသည်။

ဦးအေးသန်း (မဟာဗောဓိစေတီ တော် ဂေါပကအဖွဲ့အတွင်းရေးမှူး)

မာရဝိဇယစေတီတော်မြတ်ကြီးကို တီဗွီမှာစတွေ့ကတည်းက လာရောက်ဖူးမြော်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ပါဘူး။ ဒါပေမယ့် ယခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှု၊ တိုင်းဒေသကြီးနဲ့ခရိုင်က တာဝန်ရှိသူများရဲ့ ကြီးကြပ်ဆောင်ရွက်ပေးမှုကြောင့် ခရိုင်နဲ့ မြို့နယ်မှာရှိတဲ့ ဂေါပကများက ဘုရားဖူးနိုင်အောင် စီစဉ်ပေးတဲ့အတွက် အခုလိုလာရောက်ဖူးမြော် တာဖြစ်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ အနီးကပ်ကြီးကြပ်ပေးတဲ့ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မာရဝိဇယဘုရားကြီးဟာ မြန်မာလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်တစ်နည်းအားဖြင့် ပြောရရင် ဒီကျောက်ဆစ်လက်ရာတွေ၊ ဒီလောက်ကြီးမားတဲ့ သယံဇာတပစ္စည်းတွေ၊ မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝမှုတွေကို ဖော်ထုတ်ပြသသလို၊ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘိုးဘွားအစဉ်အဆက်က လက်ဆင့်ကမ်းလာခဲ့တဲ့ ဒီဗိသုကာပညာတွေ၊ ကျောက်ဆစ်ပညာတွေကိုလည်းပဲ ဖော်ထုတ်ခွင့်ရတဲ့အတွက် ထေရဝါဒဗုဒ္ဓဘာသာမှာသာသနာ သုံးရပ်ရှိတဲ့အနက် ဆက်လက်တည်တံ့အောင် ဆောင်ရွက်တဲ့နေရာမှာ သာသနာ့သမိုင်းအတွက်ရော၊ မြန်မာ့သမိုင်းအတွက်ရော၊ ကမ္ဘာ့သမိုင်းအတွက်ပါ အဓိကကျတဲ့ ပင်မနေရာကြီးဖြစ်တယ်ဆိုတာကို ဖော်ကျူးပြသနိုင်တဲ့အတွက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အင်မတန်ကို ဂုဏ်ယူသလို အခုလိုတည်ဆောက်ပေးနိုင်ဖို့ စိတ်ကူးတွေနဲ့ ပုံဖော်ပေးတဲ့နိုင်ငံတော် အကြီးအကဲတွေကိုလည်း ဖော်မပြနိုင်အောင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်တယ်။

ဦးသိန်းအောင်(မြို့ဦးအောင်သိန္ဓိ စေတီတော်ဂေါပက ဥက္ကဋ္ဌ)

အခုလို လာရောက်ဖူးမြော်ဖြစ်တာကတော့ တိုင်းဒေသကြီးအစီအစဉ်နဲ့ ဂေါပကအဖွဲ့တွေကို ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ လွန်စွာဝမ်းသာကျေးဇူးတင်မိပါ တယ်။ ဒီကို ရောက်တဲ့အခါမှာလည်း မာရဝိဇယဘုရားကြီးက တာဝန်ရှိသူများက ရှင်းလင်းပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်နိုင်ငံသာမက ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက်အမြင့်ဆုံးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ရော၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ရော ဂုဏ်ယူရပါတယ်။ ဘုရားကြီးရဲ့ ဦးဆောင်ဒါယကာကြီးက လည်း သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် အခုဘုရားကြီး တည်ပြီးချိန်မှစ၍ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆန္ဒပြုပါတယ်။

ဦးသောင်းလွင် (မဟာစန္ဒာသီဟ ဘုရားကြီးဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး )

အခုလို လာရောက်ဖူးမြော်နိုင်အောင် လမ်းညွှန်ပေးခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ စီစဉ်ပေးခဲ့တဲ့ တိုင်းဒေသကြီး တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ခဲ့ကြတဲ့ ဦးဆောင် ဘုရားဒါယကာကြီးနဲ့ ပါဝင်ပတ်သက်သူများအားလုံးကို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကျေးဇူးတင်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီမှာပဲ ဖူးမြော်နေရတာ အခုလိုလက်တွေ့လာရောက်ဖူးမြော်ရ ချိန်မှာ တကယ့်ကို ကြည်ညိုစရာ ကောင်းတဲ့ အံ့ဖွယ်ဘုရားကြီးလည်း ဖြစ်ပါတယ်။

သတင်းစဉ်