Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အဖျောက်သဘာဝဓာတ်ငွေ့မြေ၌ သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေ ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၂၀

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာ့‌ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်၍ ပါးလွှာသဲကြောများကို လေ့လာ၊ တွက်ချက်၊ သုတေသနပြုလုပ်၍ ပြန်လည်ဆန်းသစ်ပြီး သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ်(၅၀) နှင့် (၅၄) တို့ကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ အသစ်တူးဖော်လျက်ရှိသော တွင်းအမှတ် (၆၀) သို့ ရောက်ရှိပြီး တာဝန်ရှိသူများက အဖျောက်သဘာဝဓာတ်ငွေ့မြေ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သဘာဝဓာတ်ငွေ့တွင်းဟောင်းများကို ပြန်လည်လေ့လာတွက်ချက် သုတေသနပြု စမ်းသပ်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကဏ္ဍအတွက် မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အခြားသော ရေနံမြေများတွင်လည်း ယခုလို ရလဒ်ကောင်းများ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တွင်းသစ်တူးဖော်နေသည့် တွင်းအမှတ် (၆၀) ကိုလည်း အောင်မြင်မှုများ ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး လိုအပ်သော လေ့လာသင်ယူမှုများ လုပ်ဆောင်ရန်လိုကြောင်း၊ ယခုသုတေသနပြုမှု၏ အောင်မြင်မှုနှင့် AI နည်းပညာတို့ ပေါင်းစပ်အသုံးပြုနိုင်ရန် အတွက် ကြိုးစားလျက်ရှိကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ခြင်းဖြင့် ခိုအောင်းနေနိုင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး တိုးမြှင့်၍ ထုတ်လုပ်လာနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၅၀) နှင့် (၅၄) တို့မှ ပြန်လည်ဆန်းသစ်ပြီး သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်ဓာတ်ပုံကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သဘာဝဓာတ်ငွေ့မြေရှိ အစည်းအဝေးခန်းမတွင် ရေနံမြေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။

အဖျောက် သဘာဝဓာတ်ငွေ့မြေကို ၁၉၉၁ ခုနှစ်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ရာမှ ယခု ပြန်လည်၍ ထွက်ရှိခဲ့ခြင်းဖြစ်သည်။ တိုးမြှင့်ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များကို ယူရီးယားဓာတ်မြေဩဇာစက်ရုံများ၊ အိမ်သုံးရေနံဓာတ်ငွေ့ရည် (LPG) စက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များသို့ သဘာဝဓာတ်ငွေ့ ပိုမိုဖြန့်ဖြူးပေးလျက်ရှိသည်။ ကုန်းတွင်းသဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်း ကျဆင်းလာသောကြောင့် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များအတွက် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရတနာ၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများမှထုတ်လုပ်သော တန်ဖိုးမြင့် သဘာဝဓာတ်ငွေ့များနှင့် အချိုးကျ ရောစပ်ဖြန့်ဖြူးပေးခဲ့ရသော်လည်း ယခုအခါ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ပြီး CNG မော်တော်ယာဉ်များအတွက် ဖြန့်ဖြူးပေးနိုင်ပြီဖြစ်သဖြင့် ကမ်းလွန်စီမံကိန်းများမှ တန်ဖိုးမြင့်သဘာဝဓာတ်ငွေ့ ရောစပ်ဖြန့်ဖြူးခြင်းကို လျှော့ချနိုင်ပြီဖြစ်သည်။ ထိုသို့ အဖျောက်သဘာဝဓာတ်ငွေ့မြေမှ စတင်၍ပါးလွှာသဲကြောများကို လေ့လာတွက်ချက် သုတေသနပြုအောင်မြင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးကဏ္ဍ ဆန်းသစ်လာတော့မည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်